သတင်း

ဝူဟန်ရှိ မြန်မာကျောင်းသား ၆၃ ဦးကို အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ရန် စီစဉ်ထား

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာကျောင်းသူကျောင်းသားများကို မြန်မာအစိုးရက အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ရန် ကြိုးစားနေပြီး တရုတ်နိုင်ငံဘက်မှ ခွင့်ပြုပါက ဖေဖော်ဝါရီ ၁ ရက် သို့မဟုတ် ၂ ရက်တွင် ပြန်လည်ခေါ်ယူနိုင်မည်ဟု ပေကျင်းမြို့ အခြေစိုက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အရာရှိတစ်ဦးက ပြောသည်။

ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှုကြောင့် ခရီးသွားလာခွင့် ပိတ်ထားသည့် ဝူဟန်မြို့မှ မြန်မာကျောင်းသား ၆၃ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ရေး စီစဉ်ရန် မူလက တစ်လခန့် ကြာနိုင်သည်ဟု ဆိုသော်လည်း အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ရန် တရုတ်အစိုးရ ခွင့်ပြုပါက ရက်ပိုင်းသာ ကြာနိုင်ကြောင်း အဆိုပါသံရုံး၏ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက Myanmar Now ကို ပြောသည်။

တရုတ်ဘက်က ဒါကို ခွင့်ပြုတယ်လည်း မပြောဘူး။ ခွင့်မပြုဘူးလည်း မပြောဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတုန်းပေါ့။ သူတို့က ဘာဆို ဘာမှ မပြောဘူးဟု ဦးစိုးပြည့်ဝင်းက ပြောသည်။

ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများကို အထူးလေယာဉ်ဖြင့် ခေါ်ယူရန် မြန်မာအစိုးရက ခွင့်ပြုခဲ့ပြီး လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေးတို့အတွက် စီစဉ်နေသည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယနေ့မနက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည့် ဝူဟန်တွင် ရောက်ရှိနေ‌သော ၎င်းတို့၏ နိုင်ငံသားများကို အထူးလေယာဉ်များ စေလွှတ်၍ ဇန်နဝါရီ ၂၉ တွင် အသီးသီးပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြခဲ့သည်။

မြန်မာသံရုံးနှင့် တရုတ်အာဏာပိုင်တို့ ညှိနှိုင်း၍ ဝူဟန်မြို့တွင် မြန်မာကျောင်းသားများအတွက် အချိန်ပိုင်းဈေးဆိုင်များ ဖွင့်လှစ်ပေးထားသော်လည်း ၎င်းတို့သည် ရောဂါကူးစက်ခံရမည်စိုးသဖြင့် အဆိုပါ ဆိုင်များသို့ မသွားရဲကြကြောင်း ဝူဟန်မြို့ရှိ Zhongnan University of Economics and Law တွင် ကျောင်းတက်နေသည့် အမည်မဖော်လိုသူ မြန်မာကျောင်းသူတစ်ဦးက Myanmar Now ကို ပြောပြသည်။

“စားသောက်ရေးဆို ဆူပါမားကတ်တွေ ဖွင့်တာက ကျောင်းအပြင်မှာ ဖွင့်တာကိုယ်နဲ့လူနဲ့ အရမ်းထိတွေ့မှာစိုးလို့ ကိုယ့်မှာ ရှိတဲ့ဟာလေးပဲ စားနေရတာပေါ့။ အရမ်းအဆင်ပြေတယ်တော့ မဟုတ်ဘူး။ တစ်ရက်နှစ်ရက် မငတ်ဘူးပေါ့နော် အဲဒီလိုမျိုးပါ” ဟု ယင်းကျောင်းသူက ပြောသည်။

အထူးလေယာဉ်နှင့် မြန်မာကျောင်းသားများကို ပြန်လည် ခေါ်ယူမည့် အစီအစဉ်ကို လူမှုကွန်ရက်တွင် တင်ထားသည့် ကြေညာချက်များအရ သိရှိရကြောင်းလည်း ဆိုသည်။

သံရုံးက ဆက်သွယ်တာတော့ (ပြန်ဖို့အတွက်) အဆင်သင့်လေးနေထားပေးဖို့ အဲဒီလိုတော့ ပြောတယ်၊ အားပေးတယ်။ အဲဒါပါပဲ။ ဒီနေ့တော့ ကျွန်မ ဘာမှ မသိရသေးဘူး။ အထူးလေယာဉ်နဲ့ခေါ်ဖို့ကိစ္စ (ဖေ့ဘွတ်ခ်မှာ) စာတွေ့တယ်” ဟု ပြောသည်။

မြန်မာကျောင်းသားများသည် မန္တလေးသို့ ဆိုက်ရောက်သည့်အခါ ၁၄ ရက်ကြာ စောင့်ကြည့်နိုင်ရန် ဆေးရုံများ၌ သီးသန့်ခန်းများ ပြင်ဆင်ထားသည်ဟု မန္တလေးမြို့ Surveillance and Respond Team (SRT) ၏ ဥက္ကဋ္ဌ ဒေါက်တာရဲလွင်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားထားသည်။

မန္တလေးမြို့မှ တရုတ်ခရီးသွား ၇၃ ဦးကို အထူးလေယာဉ်ဖြင့် တရုတ်အစိုးရက ပြန်လည်ခေါ်ဆောင်ခဲ့ပြီး အဆိုပါ ၇၃ ဦး လည်ပတ်တည်းခိုခဲ့သည့် နေရာများကို စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ရက်အနည်းငယ်သာ နေထိုင်ရသေးပြီး တရုတ်သို့ ပြန်လည်ထွက်ခွာလိုသည့် ခရီးသွားများကိုလည်း ထွက်ခွာခွင့် ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များက ပြောကြားထားသည်။

ထို့အပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁,၁၈၅ ဦးကို ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပြုပြီး နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီလ ၃၀ရက်) တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရသည့် လူနာပေါင်း ကမ္ဘာတစ်ဝန်း၌ ၇,၈၁၆ ဦး ရှိသည့်အနက် တရုတ်နိုင်ငံတွင် ၇,၇၀၀ ကျော် ရှိကာ သေဆုံးသူ ၁၇၀ ဦး ရှိနေပြီ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကူးစက်ခံလူနာ ၁၄ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံပြင်ပတွင် ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့် သံသယလူနာ မရှိသေးကြောင်း၊ အခြားနိုင်ငံများတွင် ကူးစက်ခံရသည့် လူနာများတွင်လည်း မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားသည်။

Show More

Related Articles

Back to top button