သတင်း

ဘုတ်ပြင်းတွင် ပြည်သူ့စစ်နှစ်ဦးကို ပစ်သတ်ပြီး ကာကွယ်ရေးအဖွဲ့က သေနတ် ၅ လက်ရ

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် ယခုလ ၂၇ ရက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပစ်ခတ်လုပ်ကြံခဲ့သည်ဟု သိရသည်။

ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အသက် ၅၉ နှစ်အရွယ် ဦးမောင်မောင်နှင့် ၄၉ နှစ်အရွယ် ဒုခေါင်းဆောင် ဦးဌေးနိုင် ဆိုသူတို့ကို ဘုတ်ပြင်းမြို့နယ်၊ မသေရွာအုပ်စု၊ ဝါးကျွန်းရွာရှိ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပကဖအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က လုံခြုံရေးအသိ မရှိတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော်တို့က အလစ်အငိုက် ဝင်လုပ်လိုက်သလို ဖြစ်တဲ့သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးရမိသည့် ကျန်ပြည်သူ့စစ်အဖွဲ့ဝင် ၆ ဦးကို လက်နက်သိမ်းဆည်း၍ လွှတ်ပေးလိုက်ကြောင်းလည်း သိရသည်။

“တာဝန်ရှိတဲ့၊ ဆိုးဆိုးရွားရွား နာမည်ထွက်နေတဲ့၊ ပြည်သူက တိုင်ထားတဲ့ လူနှစ်ယောက်ကိုပဲ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျဉ်းစည်းကမ်းအရ ရှင်းလင်းလိုက်ခြင်းဖြစ်တယ်” ဟု ဘုတ်ပြင်းပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ပြည်သူ့စစ်အဖွဲ့ဝင် ၆ ဦးကို ဝါးကျွန်းကျေးရွာအတွင်းမှ ထွက်ခွာရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် လုပ်ရပ်များ ရပ်တန့်ရန်၊ လူထုကို မခြိမ်းခြောက်ရန် သတိပေးပြီးနောက် လွှတ်ပေးခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ပြည်သူ့စစ်အဖွဲ့ကို တိုက်ခိုက်စဉ် AK47 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၄ လက်၊ M16 အမျိုးအစား ၁ လက်အပြင် ကျည်ဆန်နှင့် လက်ပစ်ဗုံးများလည်း သိမ်းဆည်းရမိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးမှ ထုတ်ပြန်ချက်။

ယခင်ကတည်းက လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အဖွဲ့များရှိရာ ထိုဒေသတွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် ပြန်လည်အားကောင်းလာသည်ဟု သိရသည်။

ထိုဒေသရှိ ပြည်သူ့စစ်အဖွဲ့များသည် စစ်တပ်က တပ်ဆင်ပေးထားသည့် လက်နက်များကိုင်ဆောင်သည့်နည်းတူ နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံဘက်မှ လက်နက်များ ဝယ်ယူအသုံးပြုသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။

တောတောင်ထူထပ်ရာ နိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းအတွင်း ဒေသခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာမှ ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင် ဦးဆန်းတင်ကို ပကဖအဖွဲ့က ပစ်သတ်ကာ ၎င်းထံမှ M16 အမျိုးအစား သေနတ်နှစ်လက် သိမ်းပိုက်ခဲ့သည်။

ဖေဖော်ဝါရီလကုန်မှစ၍ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်နေကာ ရာနှင့်ချီသောလူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၄ ရက်က ကော့သောင်းမြို့နယ် ဝိုင်ဒင်းရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ ယာယီစခန်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့ရာ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဦးသက်နိုင် သေဆုံးခဲ့သည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ နယ်မြေများနှင့် ဆက်စပ်နေသော တနင်္သာရီတိုင်းသည်လည်း တော်လှန်ရေးအားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် PDF အပြင် KNU လက်အောက်ခံတပ်ဖွဲ့များလည်း လှုပ်ရှားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button