ပဲခူးတိုင်းအရှေ့ခြမ်း ကဝမြို့နယ်တွင် မတ် ၂၆ ရက်နေ့က စားသောက်ဆိုင်တွင် ရှိနေသည့် ရဲ ၈ ဦးကို ဝင်ရောက်တိုက်ခိုက်ရာ နယ်ထိန်းတစ်ဦး သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
မြို့အရှေ့ဘက် ၈ မိုင်အကွာ အုန်းနှဲကျေးရွာရှိ ရဲစခန်းမှ ညကင်းလှည့်ထွက်လာသူများ ရွာအရှေ့ပိုင်း “အာကာမိုး” စားသောက်ဆိုင်၌ ရှိနေစဉ် မတ် ၂၆ ည ၁၁ နာရီ ဝန်းကျင်တွင် PDF များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကင်းလှည့်ပြီးတော့ အုန်းနှဲ အုပ်ကြီး (အုပ်ချုပ်ရေးမှူး) ပိုင်တဲ့ စားသောက်ဆိုင်မှာ နားနေတာ။ အဲဒီနားမှာ ကျွန်တော်တို့ဘက်က စောင့်ပြီးတော့ ဝင်ပစ်တာ”ဟု ကဝမြို့နယ် PDF အဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ ခန့်ထားသည့် အုန်းနှဲရွာအုပ်ချုပ်ရေးမှူး ဦးစန်းမြင့် ဖွင့်လှစ်ထားသော၊ KTV နှင့် ဘိလိယက်ခုံ တို့ ပါရှိသော ထိုဆိုင်၌ ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်ချိန်တွင် ခေတ္တ ဝင်နားလေ့ရှိသည်ဟု ဆိုသည်။
ဗုံးဖြင့် ကနဦးတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၄ ဦး ဒဏ်ရာရပြီး ထွက်ပြေးသွားကြသည်ဟု ကဝ PDF ဘက်က ဆိုသည်။
“သူတို့ဘက်ကလည်း ခုခံပြီး ပြန်ပစ်တာ။ ဒါပေမယ့် ကျွန်တော်တို့က နာနတ်သီး (လက်ပစ်ဗုံး) ကျွေးပြီးတော့ တရစပ် ဝင်ပစ်တာဆိုတော့ သူတို့ဘက်က ကြာရှည်ကြီးမခုခံနိုင်ဘူး။ ထွက်ပြေးသွားတယ်”ဟု ကဝမြို့နယ် PDF တာဝန်ရှိသူက ပြောသည်။
ဒဏ်ရာရသူ ရဲ ၄ ဦးအနက် နယ်ထိန်း နိုင်ဦး ဆိုသူမှာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း၊ ၎င်းနှင့်ပတ်သက်၍ ဓာတ်ပုံအထောက်အထားများရှိသော်လည်း လုံခြုံရေးအခြေအနေအရ မထုတ်ပြန်သေးကြောင်း ကဝမြို့နယ် PDF ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုမှာ မတ် ၂၇ တွင် ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့အကြို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကဝ PDF က ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့ (မတ် ၂၇) နံနက်မှ စ၍ အုန်းနှဲရွာကို စစ်ကောင်စီတပ်က အင်အားများထပ်ဖြည့်လိုက်ပြီး ရွာအနီးတဝိုက်တွင် စစ်ဆေးမေးမြန်းလျက်ရှိကြောင်းသိရသည်။
ကဝမြို့ရှိ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသလို ဆက်သွယ်မေးမြန်း၍လည်း မရသေးပေ။
ထိုည ၁၀ နာရီခွဲခန့်က ကဝမြို့နယ် ၊ သက္ကလမြို့၊ ရွှေပြည်အေးရပ်ကွက်ရှိ သက္ကလရဲစခန်းရှေ့တွင်လည်း မိုင်းပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ကြသည် ဟု သိရသည်။
၎င်းမိုင်းခွဲတိုက်ခိုက်မှုတွင် ရဲစခန်းရှေ့ရှိဓာတ်တိုင် ပျက်စီးသွားပြီး နယ်ထိန်းရဲတစ်ဦး သေဆုံးကာ စခန်းမှူး အပါအဝင် ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ၊ ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မတ် ၁၀ ရက်ကလည်း ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်ဟု အမည် ထွက်သူ ဦးတင်မြင့် ဆိုသူအား သရက်ကုန်းဈေးထဲ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု မြို့နယ်ပကဖ ထံမှ သိရသည်။ ထိုပစ်ခတ်မှုမှာ နန်းထိုက်အောင် ဟု အမည်ပေးထားသော စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများအား ပစ်မှတ်ထားသည့် “ပျံလွှားအောင်” စစ်ဆင်ရေးကို ၂၀၂၁ စက်တင်ဘာ ၇ မှ ၂၀၂၂ ဧပြီ ၇ ရက်အထိ လုပ်ဆောင်ခဲ့ပြီးနောက် မြို့ပြစစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
ထိုမြို့ပြစစ်ဆင်ရေးများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့လက်အောက်မှ ဖြစ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း တို့ရှိ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့များက ဦးဆောင်ကာ PDF၊ ပကဖ၊ STF, SOF, မြို့ပြပြောက်ကျား အဖွဲ့များနှင့် UG အဖွဲ့များက ပါဝင်လှုပ်ရှားနေသည်။
အထူးသဖြင့် ပဲခူးတိုင်းအရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် ယမန်နှစ် ဒီဇင်ဘာမှ စတင်၍ နန်းထိုက်အောင် စစ်ဆင်ရေး၏ လှုပ်ရှားမှုများ ဆက်တိုက် ပေါ်ပေါက်လာသည်။
ကရင်ပြည်နယ်နှင့်ထိစပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းတွင် PDF တပ်ရင်း အမှတ် ၃၅၀၁၊ ၃၅၀၂ အပါအဝင် NUG လက်အောက်ခံတပ်ရင်းများ လှုပ်ရှားနေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)