အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ဦးတွင် ပျောက်သွားသည့် စစ်ကိုင်းဒေသခံလေးဦး ၈ လကြာ အဆက်အသွယ်မရ

ဖုန်းအပျက်ဝယ်ယူသူ စစ်ကိုင်းတိုင်းဒေသခံ လေးဦးသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ပျောက်ဆုံးသွားပြီး ၈ လခန့်ကြာသည့် ယနေ့ချိန်ထိ မည်သည့် သတင်းအစအနမျှ မရသေးကြောင်း မိသားစုဝင်များက ယနေ့ (ဇန်နဝါရီ ၂၃)ရက်တွင် Myanmar Now ကို ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လာကပ္ပရွာမှ အသက် ၂၀ ကျော်အရွယ် ကိုကောင်းထက်၊ ကိုသိန်းသန်းစိုး၊ ကိုသန်းထိုက်စိုး နှင့် ကိုကျော်စွာသိန်းတို့ လေးဦးသည် ဖုန်းအပျက်များနှင့် ငွေစက္ကူအဟောင်းများ လိုက်လံဝယ်ယူရန် ၂၀၁၉ မေ ၂၇ ရက်က မြောက်ဦး မြို့နယ်သို့ သွားရောက်ခဲ့ကြသည်ဟု ကိုကျော်စွာသိန်း၏ အစ်ကိုဝမ်းကွဲ ကိုကျော်မျိုးဝင်းက ဆိုသည်။

ရောက်ရှိပြီး တစ်ရက်အကြာတွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာအနီးသို့ ဖုန်းအပျက်များနှင့် ငွေစက္ကူအဟောင်းများ ဝယ်ယူရန်အတွက် ဆိုင်ကယ်လေးစီးဖြင့် သွားရောက်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရွာအနီးရှိ ထမင်းဆိုင်တွင် စားသောက်ခဲ့ကြပြီးနောက် ရွာအတွင်းသို့ လူခွဲပြီး ဝင်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ရွာအတွင်းမှ ပြန်ထွက်ရာတွင် ကိုကောင်းထက် ပြန်မပါလာသည့်အတွက် ရွာအနီးအနားတွင် လိုက်လံရှာဖွေသော်လည်း မတွေ့ခဲ့သောကြောင့် တည်းခိုရာ မြောက်ဦးမြို့ပေါ်သို့ ပြန်ခဲ့ပြီး မြောက်ဦးရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း တာဝန်ခံမရှိ၍ အမှုဖွင့်မရခဲ့ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တစ်ရက်ကြာပြီးနောက် ကိုကောင်းထက်ပျောက်ဆုံးကြောင်းကို ကျန်သည့်သုံးဦးက ၎င်းထံ အကြောင်းကြားခဲ့ပြီး နေ့လယ်ပိုင်းတွင် ကိုကျော်စွာသိန်းနှင့် နောက်ဆုံးဖုန်းအဆက်အသွယ် ရရှိခဲ့ပြီးနောက် ၎င်းတို့ သုံးဦးပါ ပျောက်ဆုံးသွားသည်ဟု ကိုကျော်မျိုးဝင်းက ပြောသည်။

“ကျော်စွာသိန်းဖုန်းဆက်တော့ တုန်တုန်ရီရီနဲ့၊ ‘မလုပ်ပါနဲ့ဗျာ၊ ကျနော်တို့က ဗုဒ္ဓဘာသာဝင်တွေပါ’ ဆိုပြီး ပြောနေတယ်။ ပြီးတော့ လူတစ်ယောက်က ဖုန်းကိုင်ပြီး ‘မင်းကဘာကောင်းတုန်းကွ’ ဆိုပြီး ဖုန်းချသွားတာပဲ။ အခုဆို ရှစ်လတောင်ရှိတော့မယ်ဗျာ ဘာမှလည်းမသိရဘူး၊ ဘာသတင်းမှလည်း မရသေးဘူး” ဟု ကိုကျော်မျိုးဝင်းက ပြောသည်။

လူလေးယောက်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မြင်းမူမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးစံသက်ထွန်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ စာပို့ကာ အကူအညီတောင်းခံခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသေးဟု ဦးစိုးစံသက်ထွန်းက ပြောသည်။

ကိုသန်းထိုက်စိုး၏ အမျိုးသမီး မကလျာက ကိုကောင်းထက် ပျောက်ဆုံးသည့်နေ့က ၎င်း၏အမျိုးသား ကိုသန်းထိုက်စိုးက ဖုန်းဆက်ခဲ့ပြီး နောက်တစ်နေ့ နေ့လယ် ၁ နာရီခွဲအထိ အဆက်အသွယ်ရခဲ့သည်ဟု ဆိုသည်။

“အဲဒီနောက်ပိုင်းမှာ ဖုန်းစက်ပိတ်သွားတာပဲလေ၊ ဘာမှထပ်မသိရတော့ဘူး၊ အသက်ရှင်နေဦးမယ်လို့တော့ မျှော်လင့်ရတာပဲ” ဟု မကလျာက ပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုရွာသားတစ်ဦးဖြစ်သည့် ဦးမောင်သန်းက ဖုန်းအဟောင်းနှင့် ငွေစက္ကူအဟောင်းများ လိုက်လံဝယ်ယူသည့် ဆိုင်ကယ်နှင့် လူတချို့ တိမ်ညိုရွာအတွင်းသို့ ရောက်လာခဲ့သည်ကို မှတ်မိသော်လည်း မည်သည့်ရက်၊ လ ဆိုသည်ကို မမှတ်မိတော့ဟု ဆိုသည်။

“သူတို့ရောက်လာတာတော့ ကျွန်တော်တွေ့လိုက်တယ်။ ပျောက်တဲ့ကိစ္စကိုတော့ မကြားမိဘူးဗျ” ဟု ဦးမောင်သန်းက Myanmar Now ကို ပြောသည်။

၎င်းတို့လေးဦး ပျောက်ဆုံးသည့်ကိစ္စနှင့် ပတ်သက်ပြီး မြင်းမူရဲစခန်းမှတဆင့် မြောက်ဦးရဲစခန်းသို့ ပျောက်ဆုံးသူလေးဦး၏ ဓာတ်ပုံများနှင့်အတူ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း မြောက်ဦးရဲစခန်းမှ အမှုနှင့်ပတ်သက်ပြီး ထပ်မံဆက်သွယ်လာခြင်းမရှိသေးဟု မိသားစုဝင်များက ပြောသည်။

မြောက်ဦးရဲစခန်းမှ ရဲအရာရှိတစ်ဦးကတော့ ၎င်းတို့လေးဦးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး လူပျောက်မှုနှင့် အမှုဖွင့်ထားသော်လည်း ၎င်းက ခွင့်ယူထားသည်မှာ တစ်လခန့်ရှိပြီး တခြားရဲအရာရှိများမှာလည်း တာဝန်အချိန်းအပြောင်းများ ရှိသည့်အတွက်ဟုဆိုကာ အမှုနောက်ဆက်တွဲကို အသေးစိတ်မပြောပေ။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်ကတော့ ၎င်းကို စစ်ကိုင်းတိုင်းမြင်းမူမြို့မှ လူလေးဦးပျောက်ဆုံးကြောင်း အကြောင်းကြားခဲ့သည့်အတွက် တိမ်ညိုရွာတွင် စုံစမ်းကြည့်ခဲ့သော်လည်း အဆိုပါဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း တိမ်ညိုရွာသားများထံမှ သိရသည်ဟု ဆိုသည်။

၎င်းတို့ လေးဦးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို Myanmar Now မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

ရက္ခိုင့်တပ်တော်AA မှ ပြောခွင့်ရအရာရှိ ခိုင်သုခကတော့ စစ်ကိုင်းသားလေးဦး ပျောက်ဆုံးမှုမှာ ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ တပ်မတော်၏လက်ချက်သာ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ကျန်ခဲ့သည့် ၁၀ ရက်ခန့်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပုဏ္ဏကား ရွာမှ ဆိုလာပြားများရောင်းချသည့် အသက် ၂၂ နှစ်အရွယ် ကိုရာဇာထွန်းနှင့် ဦးစိုးနိုင် (ခ) ကရင်ကြီးတို့နှစ်ဦးကို ရခိုင်စကားပြော လူတစ်စုက ဖမ်းဆီးရိုက်နှက်နေသည့် ရုပ်သံဖိုင်တစ်ခု Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်းတို့နှစ်ဦးအား AA အဖွဲ့မှ သတ်ဖြတ်လိုက်သည်ဟု တပ်မတော်က စွပ်စွဲပြီး AA အဖွဲ့မှမူ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားသည်။

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ သေဆုံးသည့် အရပ်သားအရေအတွက်မှာ ၁၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles