မြန်မာ – ထိုင်း နယ်စပ် ဘုရားသုံးဆူဒေသတွင် ပစ်ခတ်သံများ ထပ်မံကြားခဲ့ရပြီးနောက် ထိုင်းနိုင်ငံရောက် စစ်ရှောင်များပြန်လာရေးအတွက် အခက်တွေ့နေကြောင်း ဒေသခံများ နှင့် ထိုင်းအခြေစိုက် လူမှုကူညီရေး လုပ်သူများကပြောသည်။
သုံးရက်ခန့် သေနတ်သံတိတ်ပြီးနောက် ဒီဇင်ဘာ ၁ ရက် ယမန်နေ့ ည ၁၁ နာရီကျော်တွင် ဂျပန်ရေတွင်းရွာအနီးမှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ဘုရားသုံးဆူမြို့မှ အတိုင်းသားကြားခဲ့ရသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးကပြောသည်။ ပစ်ခတ်သံများသည် နာရီဝက်နီးပါး ကြာမြင့်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
နိုဝင်ဘာ ၂၇ က မွန်ပြည်သစ်တပ် နှင့် မြန်မာ့တပ်မတော်ကြား ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက ဒေသခံ ၁,၀၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားရခြင်းဖြစ်သည်။ ၎င်းတို့သည် ဂျပန်ရေတွင်း၊ ကြံတော နှင့် တပ်ရင်းသုံး ရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ၊ စံခလပူရီမြို့ရှိ ဘုန်းကြီးကျောင်းများက ၎င်းတို့ကို ယာယီနေထိုင်ခွင့် ပေးထားသည်။
ယမန်နေ့ညက ဘုရားသုံးဆူမြို့မှ ဒေသခံတစ်ဦး လွှင့်တင်ခဲ့သည့် Facebook Live တွင်လည်း အတွဲလိုက် သေနတ်ပစ်ခတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများ ကြားနေခဲ့ရသည်။
အဆိုပါပစ်ခတ်မှုသည် မည်သည့်အဖွဲ့များအကြား တိုက်ခိုက်နေကြသည်ဆိုသည်ကိုတော့ အတည်မပြုနိုင်သေးပါ။
တိုက်ပွဲဖြစ်ပွားသည့် နေ့မှစ၍ နယ်စပ်ဂိတ်မှတစ်ဆင့် ဆိုင်ကယ်နှင့် ကားများ ဝင်ထွက်ခြင်းကို နှစ်နိုင်ငံလုံးက ပုံမှန်ထက်ပိုသည့် စစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုင်းဘက်သို့ ပုံမှန်အလုပ်ဆင်းနေသော အလုပ်သမားများနှင့် အရပ်သားများကိုတော့ သွားလာခွင့် ပြုထားသည်ဟု ဆိုသည်။
ကရင်ပြည်နယ် ဘုရားသုံးဆူတစ်ဝိုက်သည် မွန်လက်နက်ကိုင် NMSP၊ ကရင် KNU၊ နယ်ခြားစောင့်တပ်များနှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှားကြသည့် ဒေသဖြစ်ပြီး လက်နက်ကိုင်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းက ဘုရားသုံးဆူမြို့နယ် ထိုင်းနှင့်နယ်စပ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ကျေးရွာအစွန်တို့၌ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံးရှိခဲ့သည်။
- ဘုရားသုံးဆူတွင် မွန်ပြည်သစ်နှင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား၊ ဒေသခံ ၂၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်
- မွန်ပြည်သစ်တပ်စခန်းကို တပ်ကသိမ်းထားသည်ဆိုသောစွပ်စွဲချက် တပ်ဘက်က ငြင်း
မွန်ပြည်သစ်နှင့် တပ်မတော်တို့အကြား နိုဝင်ဘာလ ၂၇ တိုက်ပွဲတွင်လည်း နှစ်ဖက်တပ်များအကြား အပြန်အလှန်စွပ်စွဲခဲ့ကြသည်။ ၎င်းတို့၏ တပ်စခန်းတစ်ခုကို တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်က သိမ်းဆည်းခဲ့ကြောင်း မွန်ပြည်သစ်၏ ဘုရားသုံးဆူ ဆက်ဆံရေးရုံး ဒု–တာဝန်ခံ ဗိုလ်ကြီး နိုင်ပကောင်းထောက တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်အကြာတွင် ပြောသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်ကမူ ၎င်းတို့တပ်များသည် နယ်ခြားပြဿနာ ဖြေရှင်းရန် မြေပြင်ကွင်းဆင်းစဉ် ကြိုတင်အကြောင်းကြားထားသည့်ကြားမှ မွန်ပြည်သစ်ဘက်က စတင်ပစ်ခတ်ခဲ့သည့်အတွက် ယင်းနေရာအနီးတဝိုက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရခြင်းဟု နိုဝင်ဘာ ၂၈ ရက်နေ့ကပြောသည်။