အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကွတ်ခိုင်တွင် ကျောင်းကားတစ်စီး တိုက်ခိုက်ခံရ၍ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ ဧလျာဇာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းကြိုပို့လုပ်သည့် ကားတစ်စီးသည် ယနေ့မနက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုခံခဲ့ရပြီး ဆရာတစ်ဦးနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါကျောင်းက Myanmar Now ကို ပြောသည်။

ကွတ်ခိုင်မြို့မှ သိန်းနီမြို့ဘက်သို့အထွက် လွိုင်ဆမ်ဆစ်တောင်အနီးတွင် မွန်းတည့် ၁၂ နာရီအချိန်ထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး အဆိုပါနေရာအနီးတွင် ကျောင်းကြိုပို့ကား တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ကွတ်ခိုင်မြို့အခြေစိုက် ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ ကိုကျော်မိုးက ပြောသည်။

“ကျောင်းသားတွေကို သွားကြိုတဲ့လမ်းမှာ တိုက်ခိုက်ခံရတာပါ။ ကျောင်းသားတွေတော့ မပါသေးဘူး။ ပစ်ခတ်တာကြောင့် မှန်စတွေ ထိမှန်ပြီး ဒဏ်ရာရကြတာပါ။ အခု ကွတ်ခိုင်ဆေးရုံမှာပါ။ အပစ်ခံရတဲ့ကားဆရာပြောတာကတော့ နှစ်ဖက်တိုက်ပွဲဖြစ်နေချိန်မဟုတ်ဘူး။ တစ်ဖက်တည်းက ပစ်တာလို့တော့ပြောတယ်” ဟု ၎င်းက ဆိုသည်။

ကွတ်ခိုင်မြို့ ပတ်လည်၊ ကွတ်ခိုင်မှ မူဆယ်မြို့အထွက် တိုးဂိတ်နှင့် လွိုင်ဆမ်းဆစ်တောင်အနီးတစ်ဝိုက် တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ယမန်နေ့ မနက်ပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

ဧလျာဇာကိုယ်ပိုင်ကျောင်းမှ ဆရာနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိမှုသတင်းနှင့် ပတ်သက်၍ ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့က အတည်မပြုနိုင်သေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

ယနေ့မနက် ၇ နာရီ မိနစ် ၄၀အချိန်က ကြိုပို့ကားသည် လွိုင်ဆမ်ဆစ်တောင်ခြေ၌ ရှိသော ကျောင်းသားများကို သွားကြိုစဉ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကားသွားလာမှုများကို တားဆီးပိတ်ဆို့နေခဲ့သည်။

ယာဉ်မောင်းဖြစ်သူက ပိတ်ဆို့နေသည်ကို မမြင်ဘဲ ရှေ့သို့ ကျော်ရပ်မိသဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု ဧလျာဇာကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူတွေကိုတော့ ကျည်မထိပါဘူး။ မှန်ပဲထိလို့ပေါ့။ အပစ်ခံရတော့ သူတို့လည်း နောက်လည်းမဆုတ်ရဲ၊ ရှေ့လည်းမသွားရဲတော့ဘူး။ ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်းကို ဆက်သွယ်ပြီး ဆေးရုံပို့ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ကွတ်ခိုင်မြို့အနီးဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူနှင့် TNLA ပြောရေးဆိုခွင့်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနေသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button