
သမိုင်းဝင် ဝန်ကြီးများရုံးအဆောက်အအုံကို ငှားရမ်းလုပ်ကိုင်ခွင့်ရထားသည့် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုထံမှ လစဉ်ငှားရမ်းခနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် သင့်မသင့်ကို ရှေ့နှစ်ဆန်းပိုင်း၌ ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးကို အနော်မာကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၂၅၀၊ သက်တမ်း နှစ် ၇၀ ဖြင့် ပြုပြင်ထိန်းသိမ်းကာ ပြတိုက်အဖြစ်လုပ်ကိုင်ခွင့်ရထားသည်။
နှစ်ပေါင်း ၁၂၀ နီးပါးသက်တမ်းရှိပြီး ကိုလိုနီခေတ်ဗိသုကာ လက်ရာများနှင့် အဆိုပါ ရှေးဟောင်းအဆောက်အအုံ၏ ငှားရမ်းခကို ပြန်လည်သုံးသပ်ရန် အတွက် မကြာမီ ထုတ်ပြန်မည့် ၂၀၁၇-၁၈ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာပေါ် မူတည်၍ လွှတ်တော်အတွင်း ဆွေးနွေးရန်ရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အမတ်ဦးလှဌေးက Myanmar Now ကို ပြောသည်။
လာမည့် ၂၀၂၀ ဖေဖော်ဝါရီလတွင် ကျင်းပမည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ထိုကိစ္စကို ဆွေးနွေးမည်ဟု အကြမ်းဖျင်းသိထားကြောင်း ၎င်းကပြောသည်။
အတွင်းဝန်ရုံးဟုလည်း တစ်ချိန်ကသိခဲ့သည့် ၁၆ ဧက (စတုရန်းပေ ခုနစ်သိန်းနီးပါး) ကျယ်ဝန်းသည့် အဆိုပါနေရာအတွက် တစ်လငှားရမ်းခ ကျပ်သိန်း ၂၅၀ သာ နိုင်ငံတော်က ရခြင်းသည် “လူကြား မကောင်းတဲ့တန်ဖိုး” ဟု ၎င်းကဆိုသည်။
“သူတို့က စနစ်တကျ လုပ်ကိုင်မယ်ဆိုရင် အင်မတန် ကြီးကြီးမားမား ရလာမယ့် အကျိုးအမြတ် ရှိ တယ်။ နိုင်ငံတွင်း ဝင်ငွေတင် မဟုတ်ဘူး။ နိုင်ငံခြား ဝင်ငွေပါ အများကြီး ဒီထဲက ဆွဲဆောင်ပြီး ရလာနိုင်တယ်။ ဝင်မယ့်အတိုင်းအတာ တွေ သူတို့မှာ ရှိတယ်။ အဲဒါနဲ့ တိုင်းတာရင် ဒီ (ကျပ်သိန်း) ၂၅၀ က မပြောပလောက်တဲ့ အတိုင်းအတာ ဖြစ်တယ်” ဟု ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် လည်းဖြစ်သည့် ဦးလှဌေးက Myanmar Now ကို ပြောသည်။
စနစ်တကျ လုပ်ကိုင်မယ်ဆိုရင် အင်မတန် ကြီးကြီးမားမား ရလာမယ့် အကျိုးအမြတ် ရှိ…
အဆိုပါအဆောက်အအုံ လုပ်ပိုင်ခွင့်အတွက် ၂၀၁၄ ခုနစ်တွင် ဦးသိန်းစိန် အစိုးရနှင့် အနော်မာကုမ္ပဏီတို့က စာချုပ် ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ပြီး စာချုပ်အရ ကုမ္ပဏီက ယိုယွင်းနေသည့် ဝန်ကြီးများရုံးကို ပြင်ဆင်ပေးရပြီး နှစ် ၇၀ (နှစ် ၅၀ + ၁၀ နှစ်သက်တမ်းတိုးခွင့်နှစ်ကြိမ်) သက်တမ်းဖြင့် တစ်ဦးတည်း မူပိုင် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဟုလည်း ၎င်းကဆိုသည်။
သို့ရာတွင် ဝန်ကြီးများရုံးအဆောက်အအုံနှင့် ဝင်းတစ်ဝင်းလုံး ထိန်းသိမ်းခနှင့်ပြင်ဆင်ခအဖြစ် အနော်မာက ကန်ဒေါ်လာ သန်း ၂၀ ကျော် ကျခံပြီးဖြစ်သည်ဟု ထုတ်ပြောထားကြောင်း ဦးလှဌေးက ပြောသည်။
ဝန်ကြီးများရုံး ငှားရမ်းခ နှင့်ပတ်သက်ပြီး လွှတ်တော်တွင်း ယခင်နှစ်များအတွင်းကလည်း ဆွေးနွေးခဲ့ဖူးသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း ယခင်အစိုးရနှင့် အနော်မာတို့အကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အသေးစိတ်အချက်အလက်များကို မသိရှိရသည့်အတွက် ငှားရမ်းခ တိုးမြှင့်ကောက်ခံနိုင်ရန် ဖြစ်နိုင်မဖြစ်နိုင်ကို မပြောနိုင်ကြောင်း ဆိုသည်။
“အရင်အစိုးရလက်ထက်ကတည်းက လုပ်ထားတဲ့ ကိစ္စဖြစ်နေတော့ ဈေးနှုန်းပြင်လို့ ရမရ အသေးစိတ် အချက်တွေက ကျွန်တော်တို့လည်း မသိသေးဘူး” ဟု၎င်းက Myanmar Now ကို ပြောသည်။
ကျန်းမာရေးစင်တာပိတ်မည်
အခြားတစ်ဖက်တွင် ဝေဖန်ခံနေရသည့် ဝန်ကြီးများရုံးအတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် De Beau ကျန်းမာရေးစင်တာ ပိတ်သိမ်းရန် ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် ရန်ကုန်လွှတ်တော်အတွင်း တိုင်းအစိုးရ၊ လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ စည်ပင်၊ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) နှင့် အနော်မာတို့အကြား ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကုမ္ပဏီဘက်က အကြောင်းပြချက်တွင် ၎င်းတို့ ချုပ်ဆိုထားသည့် စာချုပ်တွင် အပန်းဖြေအနားယူ လုပ်ငန်းများပါသည့်အပိုင်း(relaxation zone) နှင့် အနုပညာဖန်တီးမှုပါသည့်အပိုင်း (creation zone) တို့ တည်ဆောက်ရန် ခွင့်ပြုထားပြီး ဖြစ်၍ ကျန်းမာရေးစင်တာကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖြေရှင်းသည်ဟု ကြားနာမှုတွင်ပါဝင်သည့် ဦးလှဌေးက ပြောသည်။
ယင်းစာချုပ်တွင် အချက် ၁၆ ချက်ပါဝင်ပြီး အခြားသော အချက်များမှာ ပန်းချီ၊ ပန်းပုနှင့် တိုင်းရင်းသားရိုးရာ ပစ္စည်းများ ရောင်းချခြင်း၊ စားသောက်ဆိုင် ဖွင့်လှစ်ခြင်း၊ မြန်မာမှုဆိုင်ရာ ပွဲတော်များ ကျင်းပခြင်းတို့ ပါဝင်ကြောင်း ဦးလှဌေးက ဆိုသည်။