အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေရောင်ကာကွယ်ရန် စတေကာကပ်ခြင်းဖြစ်ပြီး ဒုစရိုက်မှုကျူးလွန်ရန် မရည်ရွယ်ဟု ရန်ကုန်တက္ကစီသမားများဆို

ရန်ကုန် – ပူပြင်းလှသည့် နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန်အတွက် ကားမှန်များတွင် နေရောင်ခံစတေကာကပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရစွပ်စွဲသကဲ့သို့ ဒုစရိုက်မှုများကျူးလွန်ရန် မရည်ရွယ်ကြောင်း နေရောင်ခံစတေကာကပ်သဖြင့် လုပ်ငန်းလိုင်စင်သိမ်းခံရသည့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်မောင်းများက ဆိုသည်။

နေရောင်ဒဏ်ခံ စတေကာကပ်သည့် အကြောင်းပြချက်ဖြင့် ရန်ကုန်ရှိ တက္ကစီများကို ဖေဖော်ဝါရီလဆန်းအတွင်းက ဖမ်းဆီးခဲ့ပြီး လုပ်ငန်းလိုင်စင်ပိတ်သိမ်းရန် ရန်ကုန်တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့် တက္ကစီယာဉ်မောင်းများက ရန်ကုန် တောင်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရီးသည်တွေရော ယာဉ်မောင်းတွေပါ အရမ်းပူတဲ့အတွက် ကျွန်တော်တို့ ကားတွေဟာ အဲကွန်းမနိုင်တဲ့အတွက် ကပ်တာပါ။ အခုလိုအရေးယူထားတော့ ကျွန်တော်တို့ နောက်ကွယ်က မိသားစုတွေရော ဒုက္ခရောက်နေရပါတယ်” ဟု လေးလကျော်ကြာ လုပ်ငန်းလိုင်စင်သိမ်းခံထားရသည့် တက္ကစီယာဉ်မောင်း ကိုအောင်ဝင်းစိုးက ပြောသည်။

လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရသည့် တက္ကစီယာဉ်မောင်း ကိုနေဝင်းထွန်း၏ အဆိုအရ စတေကာကပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်လမ်းမများပေါ်တွင် မောင်းနှင်နေသည့် တက္ကစီ ၆၂ စင်း အရေးယူခံခဲ့ရသည်ဟု ဆိုသည်။

“ ဒါ(လုပ်ငန်းလိုင်စင်) ကို သိမ်းထားတဲ့အတွက် ကျွန်တော်တို့ကားတွေဟာ လိုင်စင်မဲ့ကားသဘော သက်ရောက်သွားတယ်။ တက္ကစီဆွဲပိုင်ခွင့်မရှိတော့ဘူး” ဟု ယာဉ်မောင်း ကိုနေဝင်းထွန်းက ပြောသည်။

ဖမ်းဆီးမှုများမတိုင်မီ ရက်ပိုင်းအလိုတွင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက တက္ကစီများ၏ မှန်များတွင် စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာနှင့် ကြော်ငြာများကပ်ခြင်းကို အမြန်ဖယ်ရှားကြရန်နှင့် ၂၀၁၈ ဖေဖော်ဝါရီမှစ၍ လိုက်နာရန်ပျက်ကွက်ပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်းသည်အထိ အရေးယူမည်ဟု ကြေညာခဲ့သည်။

နေရောင်ကာများကို အကာအကွယ်ယူပြီး ဒုစရိုက်မှုများကျူးလွန်လာသဖြင့် မှုခင်းကျဆင်းရန် ဆောင်ရွက်ခြင်းဟုလည်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ ကြေညာချက်တွင် ရေးသားထားသည်။

ထိုသို့ အရေးယူခြင်းများအတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လေးကြိမ်အထိ အသနားခံစာတင်ပြပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၎င်းတို့ကို ခေါ်ယူပြီး မော်တော်ယာဉ်ဥပဒေပုဒ်မ ၄၀(ခ) လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့သည်ဟု တက္ကစီယာဉ်မောင်းများကပြောသည်။

“ကျွန်တော်တို့ တစ်လတိတိစောင့်ပါမယ်။ စတစ်ကာကမ်ပိန်းဆက်လုပ်မယ်။ ဒါမှ စိစစ်ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဆန္ဒထုတ်ဖော်သွားဖို့ ရှိပါတယ်” ဟု ယာဉ်မောင်း ဦးခင်ဦးက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button