သတင်း

မြို့ကြီးများကို အကြမ်းဖက်မည့်သတင်း ပျံ့နှံ့မှု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဝေဖန်

အစိုးရယန္တရားအခြေစိုက်ရာ နေပြည်တော်အပါအဝင် မြို့ကြီးများကို အကြမ်းဖက်တိုက်ခိုက်မည်ဆိုသော သတင်းများ မှန်၊မမှန် စိစစ်ခြင်းမရှိဘဲ ဌာနတွင်းဖြန့်ဝေသည့် စာများ ပြင်ပသို့ ပေါက်ကြားခြင်းအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အစိုးရကို မေးခွန်းထုတ် ဝေဖန်လိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်များက စက်တင်ဘာ ၁၆ သို့မဟုတ် ၂၆ ရက်နေ့ သို့မဟုတ် အောက်တို့ဘာ ၁၆ ရက်နေ့ သို့မဟုတ် ၂၆ ရက်နေ့တို့တွင် ဗုံးခွဲတိုက်ခိုက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးအောက်ရှိ နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးက “လျှို့ဝှက်” ဟု ခေါင်းစဉ်တပ်ကာ ပြည်ထောင်စုအဆင့်ဌာနနှင့် အဖွဲ့အစည်းများထံကို စက်တင်ဘာလ ၁၆ရက်နေ့ ရက်စွဲဖြင့် သတိပေးဖြန့်ဝေသည့် စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကို အာရုံလွှဲရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ် မထိုးရသေးသည့် ရက္ခိုင့်တပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် စိစစ်ဆဲ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့အပြင် NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ထဆောင်ယန်မြို့နယ်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ယင်းစာတွင် ဖော်ပြထားသည်။

အဆိုပါလုံခြုံရေး သတိပေးချက်သည် မဟုတ်မမှန်သည့်သတင်းကို အခြေခံပြီး အစိုးရဝန်ကြီးဌာနအချင်းချင်း ဖြန့်ဝေသည့် စာသာဖြစ်သည်ဟု အဆိုပါစာတွင် နာမည်ဖော်ပြခံထားရသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“သတင်းအချက်အလက်၊ အကြောင်းအရာတွေဟာ တကယ့်မြေပြင်မှာ သေချာသလား၊ မသေချာဘူးလားဆိုတာ လက်ခံရရှိတဲ့ သက်ဆိုင်ရာ အဆင့်ဆင့်ခေါင်းဆောင်တွေက စိစစ်ဖို့ လိုပါတယ်။ ဒီလိုရရှိလာတဲ့ သတင်းအပေါ်မှာ ညွှန်ကြားမယ်ဆိုရင် ပြင်ပကိုရောက်ဖို့ မသင့်ဘူးပေါ့နော်။ အစိုးရရဲ့ သတင်းလုံခြုံမှု အားနည်းတဲ့သဘောကို ဖော်ပြတယ်” ဟု ၎င်းက Myanmar Nowကို ပြောသည်။

ဝန်ကြီးဌာနအချင်းချင်း ဖြန့်ဝေသည့်စာ ပြင်ပသို့ ရောက်ပြီးနောက် KNU အဖွဲ့က အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်မည် မဟုတ်ကြောင်း၊ KNU အနေဖြင့် KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှု မရှိကြောင်း၊ အစိုးရထံ စာပို့ အသိပေးခဲ့သည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

KNU အနေဖြင့် ဖောက်ခွဲရေးလုပ်ငန်းနှင့် လက်နက်ကိုင်ပဋိပက္ခကို တွန်းအားပေးစေမည့် လုပ်ရပ်များကို လုပ်ရန် အစီအစဉ်မရှိဘဲ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးမူဝါဒသာ ရှိသည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

အဆိုပါသတိပေးစာများ ထွက်ပေါ်လာပြီးနောက် စက်တင်ဘာလ ၂၄ရက်နေ့က ရန်ကုန်မြို့ရှိ NRPC ရုံးတွင် အစိုးရတာဝန်ရှိသူများကို CNF ခေါင်းဆောင်များက တွေ့ဆုံရှင်းပြခဲ့ရသည်ဟု CNF ဒုတိယဥက္ကဋ္ဌ ဆလိုင်းလျန်မှုန်းဆာခေါင်းက Myanmar Now ကို ပြောသည်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သွားနေတာပါ။ အခုကိစ္စက မဖြစ်သင့်တဲ့ ကောလာဟလပါလို့ တင်ပြခဲ့ရတယ်။ ဒါကို အစိုးရဘက်က နားလည်ပေးပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အစိုးရအနေဖြင့် သတင်းစိစစ်မှု အားနည်းနေကြောင်း၊ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက ပေးပို့သည့် သတင်းတွင် ပါရှိသော ထဆောင်ယန်းမြို့နယ်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း မရှိဘဲ တက်ခ်ခရိုင်အတွင်းရှိ မြို့ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ထောက်ပြသည်။

အဆိုပါစာအပေါ် အခြေခံပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ တိုက်ခိုက်ခံရနိုင်ကြောင်း ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့မနက်ပိုင်းက သတိပေးချက် ထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးတပ် (KIA) ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က နိုင်ငံရေးနှင့် လုံခြုံရေးဌာန၏ သတိပေးစာကို ရှယ်၍ “နောက်စရာမဟုတ်ဘူးနော်” ဟု မှတ်ချက် ရေးထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက အကြမ်းဖက်တိုက်ခိုက်မည့် သတင်းများကြောင့် လုံခြုံရေးကို တိုးမြှင့်ချထားခြင်း မရှိသော်လည်း ပုံမှန်ဆောင်ရွက်နေသည့် လုံခြုံရေးကို အားထည့် ဆောင်ရွက်နေသည်ဟု Myanmar Now ကို ပြောသည်။

“ပြည်သူတွေကို ပြောချင်တာကတော့ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ရဲတပ်ဖွဲ့က လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ သေချာဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက်လည်း အစီအမံတွေ သေချာလုပ်ထားပြီးသားပါ” ဟု ၎င်းက ပြောသည်။

သို့သော် နိုင်ငံရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၏ စာနှင့်ပတ်သက်၍ ရဲမှူးကြီးမျိုးသူစိုးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

Show More

Related Articles

Back to top button