မေးမြန်းခန်း

“ငြိမ်းချမ်းရေးက တစ်ရက်၊ တစ်နာရီ နောက်ကျရင်တောင်မှ တိုင်းပြည်ကို သစ္စာဖောက်ရာ ရောက်ပါလိမ့်မယ်” (အင်တာဗျူး)

ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံ ညီလာခံတွေကို ကျင်းပနေတာ ၂၀၁၈ ဇူလိုင်လမှာဆိုရင် တတိယအကြိမ်ထိ ရှိလာပြီဖြစ်ပါတယ်။ ဒီညီလာခံတစ်ခုချင်းစီကနေ ထွက်ပေါ်လာမယ့် အခြေခံမူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရာမှာ ကိုးကားရမယ့် အခြေခံမူတွေအဖြစ် အားလုံးက မျှော်လင့်ထားကြပါတယ်။

ဒီလို ပြင်ဆင်ရေးဆွဲဖို့ကိုလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရဲ့ ပုဒ်မ ၂၂ (ဃ) မှာ သဘောတူထားပါတယ်။ ပုဒ်မ ၂၂ (ဃ)မှာ ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်တွေနဲ့ အခြေခံဥပဒေအပါအဝင်၊ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်နိုင်တယ်လို့ အာမခံချက်ပေးထားပါတယ်။ ဒါပေမဲ့လည်း ဒီလို ပြင်ဆင်ဖြည့်စွက်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီသာ ဖြစ်တယ်လို့ ဒီဥပဒေက ဆိုပါတယ်။

NCA ၂၂ (ဃ)မှာပါတဲ့ လုပ်ထုံးလုပ်နည်းဆိုတာကို သီးခြားအဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပေမဲ့ NCA သုံးနှစ်ပြည့်မှာတော့ လုပ်ထုံးလုပ်နည်းဆိုတာဟာ အခြေခံဥပဒေ အခန်း(၁၂) အခြေခံဥပဒေပြင်ဆင်ရေးအခန်းကို ညွှန်းဆိုတာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က အတိအလင်း ဖွင့်ပြောလာပါတယ်။ အခြေခံဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆိုရင်တော့ အခြေခံဥပဒေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အတွင်း ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ လိုအပ်မှာ ဖြစ်ပါတယ်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိတဲ့ လွှတ်တော်တွင်းမှာ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှုရဖို့ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောတူညီမှုမရရင် အခြေခံဥပဒေပြင်ဆင်ရေးဟာ မဖြစ်နိုင်ပါဘူး။

အခြေခံဥပဒေပြင်ဆင်ရေးအယူအဆတွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပြထားပါတယ်။

Myanmar Now။ ။NCA သုံးနှစ်ပြည့်မှာ ကာကွယ်ရေးဦးစီးချုပ်က အခြေခံဥပဒေကို အခြေခံဥပဒေဘောင်ဖြစ်တဲ့ အခန်း (၁၂) ကနေ ပြင်ဆင်ဖို့ ပြောလာပါတယ်။ NCA လမ်းကြောင်းကနေ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ အားလုံးက မျှော်လင့်နေပါတယ်။ NLD ရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ကျွန်တော်သိသရွေ့ကတော့ အခြေခံဥပဒေ အခန်း (၁၂) ကိုပဲ ရည်ညွှန်းပြီးတော့ ပြင်ဆင်ဖို့ဆိုတာပြော တယ်လို့ သိထားပါတယ်။ NCA လမ်းကြောင်းက မဟုတ်ဘဲဆိုတာကိုတော့ ကျွန်တော်တို့မသိပါဘူး။ အဲဒီတော့ အဲဒါလေးကို အတည်ပြုဖို့ ခက်ပါတယ်။ (အခြေခံဥပဒေ အခန်း) ၁၂ က NCA နဲ့ လုံးဝဆန့်ကျင်တယ်လို့ ပြောလို့ မရပါဘူး။ ကျွန်တော်တို့ NCA ကို တပ်မတော် အပါအဝင် တိုင်းရင်းသားအားလုံး နိုင်ငံရေးပါတီအားလုံး သဘောတူညီမှု ယူတဲ့ အချိန်မှာ လူကြီး လူကောင်းတွေရဲ့သဘောတူညီမှုပါ့ဗျာ။ လူကြီး လူကောင်းတွေရဲ့ သဘောတူညီမှု ဖြစ်တဲ့ အတွက် အခန်း (၁၂) အရ ပြင်ဆင်ဖို့မှာ သူတို့က ကန့်ကွက်မှု မရှိဘူးဆိုရင် အခန်း (၁၂) အရပဲ ဆက်လက်ပြီး ပြင်ဆင်နိုင်မှာပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းမှာ (၁၂) နဲ့ မညီ ဆန့်ကျင်ကြောင်း ရည်ညွှန်းတဲ့ သာဓကပါ၊ မပါကို ကျွန်တော်တို့ ပြန်ကြည့် ရပါဦးမယ်။ လောလောဆယ်တော့ ဒါကို မှတ်ချက် မပေးချင်သေးပါဘူးခင်ဗျ။

Myanmar Now။ ။ NCA လမ်းကြောင်းမှာတော့ ပြည်ထောင်စုသဘောတူစာချုပ်ကနေ ရလာမယ့် အခြေခံမူတွေက အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရာမှာ အထောက်အကူပြုမယ်ပေါ့။ ဒီ ပြည်ထောင်စု သဘောတူ စာချုပ်က အချက်တွေကလည်း ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပြီးဖြစ်နေပါတယ်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသား ဖြစ်နေတာကို ပြန်ကိုင်ပြီးတော့ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ထုံးလုပ်နည်း အတိုင်း အခန်း(၁၂)အတိုင်း လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်းအထက်တို့ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတို့ ထပ်လုပ်ဖို့ ဆိုရင် NLD ကသွားနေတဲ့ လမ်းကြောင်းနဲ့ဆို အနှောင့်အယှက်များ ဖြစ်နေမလားပေါ့။

ဖြေ။ ။သူက ဆန့်ကျင်တယ်လို့ မပြောခဲ့ဘူးဆိုရင် အဲဒီနှစ်ခုက လိုက်လျောညီထွေဖြစ်ပါတယ်။ တပ်မတော်က သဘောတူတယ်၊ ပါတီပေါင်းစုံသဘောတူတယ်၊ တိုင်းရင်းသားလက်နက်ကိုင် တွေကရော အားလုံး သဘောတူတယ် ဆိုရင် အခန်း (၁၂) အရ ၇၅ ရာခိုင်နှုန်းကျော်သွားပါပြီ။ ဒါကြောင့် ဒီဟာမှာ ဘာမှ အနှောင့်အယှက်မရှိပါဘူး။ ဆန္ဒခံယူပွဲဆိုတာကလည်း လုပ်ထုံး လုပ်နည်း အရ သွားရမှာပဲဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းအားလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူတယ်။ ပြည်သူအားလုံးက နှစ်သက် ဝမ်းမြောက်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်တယ် ဆိုရင် ဒါကို ပြည်သူက ထောက်ခံတယ်ဆိုတာ ဘာမှ သံသယရှိစရာ မလိုပါဘူး ခင်ဗျ။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့ လုပ်ထုံးလုပ်နည်းကိုပဲ ပြောတယ်လို့ ကျွန်တော်က သဘောပေါက်ပါ တယ်။

Myanmar Now။ ။တပ်မတော်က ပြင်ချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သွားချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်၊ NLD ရော တိုင်းရင်းသားတွေကရော သွားချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ကို အခြေခံတဲ့ အခြေခံဥပဒေပေါ့။ ဒီနှစ်ခုက တစ်ထပ်တည်းကျနိုင်ပါ့မလား။

ဖြေ။ ။ ကျွန်တော်အဲဒါလည်း ပြဿနာ မဟုတ်ဘူးလို့ထင်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ညှိနှိုင်းတာလေ။ သူ့ဘက်က လျှော့မယ်၊ ကိုယ်ဘက်က လျှော့မယ်နဲ့ ဘုံရပ်တည်ချက် ပေါ့ဗျာ။ အားလုံး သဘောတူညီနိုင်မယ့် အလယ်အရာနေရာ တစ်ခုကို ကျွန်တော်တို့ ရှာလို့ ရနိုင်ပါတယ်ခင်ဗျ။

ငြိမ်းချမ်းရေးက တိုင်းရင်းသားတွေအတွက် အင်မတန်ကို အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ တစ်နှစ်၊ တစ်လ မဟုတ်ပါဘူး။ တစ်ရက်၊ တစ်နာရီ နောက်ကျ ရင်တောင်မှ တိုင်းပြည်ကို သစ္စာဖောက်ရာ ရောက်ပါလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

Myanmar Now။ ။NLD ကပြင်ဆင်ဖို့ ရည်ရွယ်ထားတဲ့ ဖွဲ့စည်းက ဘယ်လိုစံနှုန်းတွေရှိမလဲ။

ဖြေ။ ။၄၃၆ ဆိုတာက နည်းနာတစ်ခုပါခင်ဗျ။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာကိုပဲ သိစေချင်ပါတယ်။ ကျွန်တော် တို့က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ့။ အဲဒီကို သွားနိုင်မယ့် နည်းလမ်းမှန်ရင် ကျွန်တော်တို့ အားလုံးသဘောတူညီနိုင်မယ့် နည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေးပြီး သွားလို့ရပါတယ်။

Show More

Related Articles

Back to top button