ပြည်သူ့စစ်မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တပ်မတော်က ဦးဆောင်ဖွဲ့စည်းထားသည့် ဌာနေပြည်သူ့စစ်အဖွဲ့များမှာ အရပ်ဘက် အဖွဲ့အစည်းများသာဖြစ်ပြီး အရပ်ဘက်တရားစီရင်ရေးဖြင့်သာ တရားစီရင်လျက်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း၏ “ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်အဖွဲ့အစည်းများကို မည်သည့်ဌာန အဖွဲ့အစည်းက တာဝန်ခံမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း” ကို ယနေ့ပြည်သူ့လွှတ်တော်တွင် ဖြေကြားရာ ၎င်းက ယင်းသို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ရင်းတပ်ဖွဲ့များမှ ဖွဲ့စည်း၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသော ဌာနေပြည်သူ့စစ်အဖွဲ့များကို တိုင်းစစ်ဌာနချုပ်များက နယ်မြေအလိုက် ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း၊ ပြည်သူ့စစ် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။
“ပြည်သူ့စစ်တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့က ကြီးကြပ်ကွပ်ကဲတယ်။ ဖွဲ့စည်းတယ်။ လေ့ကျင့်ပေးတယ်။ နောက်တစ်ခါ ဖြစ်လာတဲ့ ပြဿနာတွေမှာတော့ အရပ်သားဖြစ်တဲ့အတွက်ကြောင့် အရပ်ဘက်၊နယ်ဘက် ဥပဒေတွေနဲ့ပဲ အရေးယူတယ်” ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။
ထို့ပြင် ပြည်သူ့စစ်မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အရ ပြည်တွင်းသောင်းကျန်းမှုများ ချေမှုန်းရန် ရေတိုရည်မှန်းချက်နှင့် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် ဌာနေပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
အေးရှားဖောင်ဒေးရှင်းကထုတ်ဝေပြီး ဝါရှင်တန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန ပါရဂူဘွဲ့တန်းကျောင်းသား ဂျွန်ဗျူခန်နန် (John Buchannan) က သုတေသနပြုထားသည့် “မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့အစည်းများ” သုတေသနစာတမ်းတွင် မြန်မာနိုင်ငံတွင် ပြည်သူ့စစ် အဖွဲ့ဝင်ပေါင်း ရှစ်သောင်းကျော်ရှိပြီး သုံးသောင်းမှာ လက်နက်တပ်ဆင်ထားသည်ဟု ဖော်ပြထားသည်။
ယင်းအချက်အလက်မှာ ပြည်သူ့စစ်များနှင့် ရှေ့တန်းတပ်ဖွဲ့ဝင်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းက ၂၀၁၀ ခုနှစ်တွင် မီဒီယာတစ်ခုကို ဖြေကြားထားခြင်းဖြစ်သည်ဟု ထိုသုတေသနစာတမ်းက ဆိုသည်။
ပြည်သူ့စစ်များအား အာဏာ၊ လက်နက်နှင့် လုပ်ပိုင်ခွင့်များ ပေးထားပါက အာဏာအလွဲသုံးစားပြုလုပ်မှုများ၊ လူမှုရေးပဋိပက္ခများ ဖြစ်ပွားလာနိုင်သည်ဟု မိကွန်ချမ်းက ထောက်ပြခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့စစ်အဖွဲ့ပေါင်း ခြောက်ထောင်ကျော် ရှိနေပြီး ပေါင်မြို့နယ်တစ်ခုတည်းတွင် ကျေးရွာ ၄၅ ရွာ၌ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ထောင်ကျော် ရှိနေကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ဥပဒေမဲ့လုပ်ဆောင်ချက်များကို မည်သည့်ဝန်ကြီးဌာန အဖွဲ့အစည်းက တာဝန်ခံမည်ဆိုသည်ကို သိလိုကြောင်း မိကွန်ချမ်းက မေးခွန်းထုတ်သည်။
“ရှမ်းပြည်နယ်တောင်ပိုင်းမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာ ပြည်သူ့စစ်အဖွဲ့တွေ လုပ်ကိုင်နေတာဖြစ်တယ်။ နယ်စပ်တွေမှာ သစ်တွေခိုးထုတ်တာတို့ ကျွန်မတို့ ပင်လယ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာဆိုရင်လည်း သစ်တွေ မှောင်ခို ခိုးထုတ်နေတာ ပြည်သူ့စစ်တွေပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၏ ဥပဒေမဲ့လုပ်ဆောင်ချက်များအပေါ် အရပ်ဘက်တရားရုံးများက အရေးယူခဲ့သည်များရှိကြောင်း ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ရှင်းလင်းဖြေကြားခဲ့သည်။