အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်မှောက်မန်းတက္ကသိုလ်ကျောင်းသားများကို အရေးမယူဟု ဒုဝန်ကြီးအာမခံ

မန္တလေးတက္ကသိုလ်အတွင်း စားသောက်ဆိုင် ဆောက်လုပ်မှု ပွင့်လင်းမြင်သာမရှိဟုဆိုကာ ပါမောက္ခချုပ်ကို အရေးယူပေးရေး သပိတ်မှောက်နေကြသည့် ကျောင်းသားများ၏ ကျောင်းတွင်းဆန္ဒပြပွဲသည် အခြားသူများ၏ ပညာသင်ကြားမှုကို မထိခိုက်ပါက အရေးယူရန်မရှိဟု ပညာရေးဒုဝန်ကြီးက ဆိုသည်။

မန္တလေးတက္ကသိုလ်အတွင်း Oriental House စားသောက်ဆိုင် တည်ဆောက်ရာတွင် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက တင်ဒါစည်းကမ်းများ ဖောက်ဖျက်ကြောင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်ခွင့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိသေးကြောင်းလည်း ဆန္ဒပြကျောင်းသားများက စွပ်စွဲပြီး စက်တင်ဘာ ၂ ရက်က စတင် သပိတ်မှောက် နေကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲ အရှိန်မြင့်လာခဲ့ပြီးနောက် ယင်းပြဿနာကို စုံစမ်းစစ်ဆေးမည်ဟု ပညာရေးဝန်ကြီးဌာနက ယနေ့ ကြေညာခဲ့သည်။ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ခေါင်းဆောင်မည့် အဖွဲ့ဝင်သုံးဦးပါ စစ်ဆေးရေးအဖွဲ့သည် မနက်ဖြန်တွင် အဆိုပါပြဿနာကို စတင်ကိုင်တွယ်မည်ဖြစ်ပြီး တွေ့ရှိချက်များကို ယခုလ ၁၆ ရက်ထက် နောက်မကျဘဲ ဝန်ကြီးရုံးထံ တင်ပြရမည်ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ကတော့ ဆန္ဒပြတာကို အရေးယူဖို့ အကြောင်းမရှိဘူး။ ကျွန်တော်ဖိတ်ခေါ်တယ်။ ကျွန်တော် နားထောင်မယ်၊ ကျွန်တော်တို့ စစ်ဆေးမယ်၊ ဒီအဆင့်ကတော့ရတယ်။ ဒီအဆင့်အပြင် ထပ်ပြီး ဥပဒေနဲ့ မညီညွတ်တာရှိရင်တော့ ဆိုင်ရာဥပဒေအရ အရေးယူရပါလိမ့်မယ်” ဟု

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ယနေ့ နံနက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ဆန္ဒပြတက္ကသိုလ် ကျောင်းသားများကမူ စားသောက်ဆိုင်ဆောက်ခြင်းကို ကန့်ကွက်လို၍ မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဘဲ တည်ဆဲဥပဒေချိုးဖောက်ခြင်းကိုသာ ကန့်ကွက်ခြင်းဖြစ်သည်ဟု ပြောထားသည်။ တင်ဒါမခေါ်ဘဲ စားသောက်ဆိုင် ဆောက်လုပ်ပေးထားသည်ဟု ကျောင်းသားများကဆိုသော ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို အရေးယူပေးရန်လည်း တောင်းဆိုထားသည်။

သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဆန္ဒပြကျောင်းသားများ တောင်းဆိုထားသကဲ့သို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ချက်ချင်းလက်ငင်း အရေးယူပေးရန် တာဝန်မရှိသည်ကို နားလည်စေလိုကြောင်း၊ ဝန်ထမ်းအပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ကြီးဌာနထံ တင်ပြ အစီရင်ခံရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

“ ကျွန်တော်တို့မှာ အခွင့်အာဏာမရှိဘူး။ ဝန်ကြီးဌာန စီမံခန့်ခွဲရေးအဖွဲ့ကို တင်ပြရမှာပါ။ ဝန်ကြီးဌာန စီမံခန့်ခွဲရေးအဖွဲ့က ဆုံးဖြတ်ပြီးရင်တော့ သက်ဆိုင်ရာဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်တာ ရှိပါမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးတက္ကသိုလ် ရှိ သပိတ်မှောက်ဦးဆောင်ကော်မတီက ၎င်းတို့၏လှုပ်ရှားမှုများကို အရှိန်မြင့် ပြုလုပ်လာကာ သက်ဆိုင်ရာမှ ၄၈ နာရီအတွင်း တာဝန်ယူဖြေရှင်းပေးရန် ကျောင်းသားတို့က ယနေ့ ထုတ်ဖော်ပြောဆိုထားသည်။

“တာဝန်ယူပြီး အလျင်အမြန်ဖြေရှင်းမပေးဘူးဆိုရင် ကျွန်တော်တို့က ဒီထက်ပိုပြီး အရှိန်မြှင့်ပြီး ပြင်းပြင်းထန်ထန် လုပ်သွားမယ်” ဟု သပိတ်မှောက်ကော်မတီဝင် ကိုစိုးရန်ပိုင်က ပြောသည်။

သို့သော် မည်ကဲ့သို့ ပြင်းထန်စွာ ပြုလုပ်မည်ဆိုသည်ကိုမူ ၎င်းတို့အနေဖြင့် ထုတ်ဖော်ပြောခြင်း မရှိသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button