
တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် မိုင်းယန်းကျေးရွာပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီးတို့ မနေ့ညက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်ဟု ရှမ်းလူငယ်ဥက္ကဋ္ဌ ဦးစိုင်းဟန်က အတည်ပြုပြောဆိုသည်။
လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာရှိ မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်၏နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မနေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဦးဝင်းမောင်နှင့် ဇနီး ဒေါ်အေးမြတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ဦးစိုင်းဟန်က ဆိုသည်။
“အခုကျွန်တော်တို့ အလောင်းကို လားရှိုးပြည်သူ့ဆေးရုံ သွားပို့နေပါပြီ။ မနေ့ည ၈ နာရီခွဲက ပစ်ခံရတာပါ၊ မြေးဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်၊ ကျန်တဲ့မိသားစုဝင်တွေက ခရီးထွက်နေတာ” ဟု ၎င်းက ပြောသည်။
မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင် သေဆုံးမှုနှင့်ပတ်သက်၍ တအာင်း/ပလောင်တပ် (TNLA) ကို ဆက်သွယ်မေးမြန်းရာတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က မြေပြင်သတင်းများ တက်မလာသေးသဖြင့် ၎င်းအနေဖြင့် မသိရှိသေးကြောင်း Myanmar Now ကို ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပါ။
- ကယ်ဆယ်ရေး လုပ်နေသည့်ယာဉ်ကို လက်နက်ကြီးထိမှန်၍ အသင်းဥက္ကဋ္ဌ သေဆုံးကာ အဖွဲ့ဝင် ၃ဦး ဒဏ်ရာရ
- လားရှိုးမြို့ အနီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး
တိုက်ခိုက်ခံရသော ဦးဝင်းမောင်၏ နေအိမ်ပတ်လည်တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး ၂ လုံးနှင့် လက်နက်ကျည်များကို တွေ့ရပြီး နေအိမ်ကိုလည်း ယင်းလက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဦးစိုင်းဟန်က ပြောသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းမှူးဖြစ်သူကို ဆက်သွယ်မေးမြန်းရာတွင် မိုင်းယန်းကျေးရွာအုပ်စုသည် ရဲတပ်ဖွဲ့အပိုင်နယ်မြေ မဟုတ်သဖြင့် အခြေအနေကို မသိရှိကြောင်း၊ ၎င်းတို့နယ်မြေတွင်လည်း လုံခြုံရေး အထူးဆောင်ရွက်နေရကြောင်း ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDDA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်း/ပလောင်တပ်(TNLA) တို့၏ ဩဂုတ်လ ၁၇ရက်နေ့က ထုတ်ပြန်သော ပူးတွဲကြေညာချက်၌ တိုက်ပွဲဖြစ်ပွားနေသော ရှမ်းမြောက်ဒေသရှိ ဌာနေပြည်သူ့စစ်များ၏ ဘက်တံဆိပ်ကို တပ်မတော်က အသွင်ယူဝတ်ဆင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေခြင်းကြောင့် ပြည်သူ့စစ်များကို မြန်မာစစ်တပ်၏အရန်အင်အားအဖြစ် သတ်မှတ်တိုက်ခိုက်သွားမည်ဟု သတိပေးကြေညာထားသည်။
ယင်းကြေညာချက်တွင် တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း မိမိတပ်ဖွဲ့သာနေထိုင်ပြီး တပ်မတော်နှင့် ပူးပေါင်းခြင်းမပြုရန် တိုက်တွန်းထားပြီး တပ်မတော်နှင့် ပူးပေါင်းလှုပ်ရှားပါက စစ်ရေးနည်အရ တုံ့ပြန်သွားမည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတိပေးထားသည်။
ဩဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာငါးခုကို ကိုးကန့်တပ် (MNDDA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်း/ပလောင်တပ်(TNLA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က စတင်တိုက်ခိုက်လိုက်ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်သား ၉ ဦး၊ ရဲ ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၈၂၁ ခန့် ဆုံးရှုံးခဲ့ရကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြီးခဲ့သည့်အပတ် သောကြာနေ့က နေပြည်တော်တွင် သတင်းထောက်များအား ပြောခဲ့သည်။ ၎င်းက မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ခိုက်မှုကို “အကြမ်းဖက်လုပ်ရပ်” ဟုလည်း အပြစ်တင် ဝေဖန်ခဲ့သည်။