
ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအဝင် ၉ ဦးကို ယနေ့မနက် အစောပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် ချုပ်နှောင်ခွင့် (ရမန်) ရယူခဲ့သည်ဟု အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ယနေ့ ပြောသည်။
စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်သည့် အဆိုပါ ရခိုင်အသင်း(စင်ကာပူ)မှ ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအဝင် ၆ ဦးနှင့် ဆက်စပ်ဖမ်းဆီးထားသည့် ၂ ဦးတို့ကို ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့ (SB)က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ က၊ခ၊ဂ တို့ဖြင့် တရားစွဲဆိုနိုင်ရန် စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ ဥပဒေအကြောင်းအရ ပြောမယ်ဆိုရင်တော့ တရားစွဲတဲ့အဆင့်ကို မရောက်သေးပါဘူး၊ ရမန်ပြည့်ပြီးမှ ကျန်တဲ့ကိစ္စတွေ ဆက်လုပ်ရမှာ ” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။
အဆိုပါ ၉ ဦးကို ရုံးထုတ်ရမန် ယူခဲ့သည်ဆိုသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဇူလိုင် ၁၂ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရမန်ယူခဲ့ပြီး နှစ်ပတ်မြောက်သည့်ယနေ့တွင် ဒုတိယရမန်ကို ဩဂုတ်လ ၉ ရက်နေ့အထိ အနောက်ပိုင်းခရိုင်တရားရုံးတွင် ပြောင်းလဲရယူခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့(SB) မှ ရဲမှူးတင်ရွှေက တရားလိုပြုလုပ် တိုင်ကြားထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီးချုပ် ဦးမင်းသန်းက ပြောသည်။
ရက္ခိုင့်တပ်တော် AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီတော်စပ်သူဟုဆိုသည့် ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနှင့် ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသားလေး(ခ)ကိုရဲကျော်ထက်၊ မမေကြီး(ခ)မအေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ကို ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် စင်ကာပူ CID၊ လဝကနှင့် ရဲများက စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဝင်ရောက်ဖမ်းဆီးလိုက်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် AAကို ရန်ပုံငွေ ရှာဖွေပေးနေသောကြောင့် ၎င်းတို့ကို ဖမ်းဆီးရခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်ပြီး ဇူလိုင် ၁၀ ရက်နေ့ညပိုင်းတွင် ၎င်းတို့ကို ပြည်နှင်ဒဏ်ပေးလိုက်သည်။
စင်ကာပူမှပြန်ရောက်လာသည့် ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန်နှင့် ကားဆရာ ကိုမြတ်လင်းဦးတို့ကို ၁၁ ရက်နေ့ မနက်အစောပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကိုအောင်မြတ်ကျော်၊ ကိုဟိန်းဇော်၊ ကိုထွန်းအေးနှင့် ကိုရဲကျော်ထက်တို့ကို ထိုနေ့တွင်ပင် ရန်ကုန်လေဆိပ်၌ ထပ်မံဖမ်းဆီးလိုက်သည်။
ထို့အပြင် ၎င်းတို့အမှုနှင့် ဆက်နွှယ်သည်ဆိုကာ ကိုရွှေလှိုင်သန်းဆိုသူအား ဇူလိုင် ၁၅ ရက်နေ့တွင် ထပ်မံဖမ်းဆီးလိုက်ပြီး နောက်ထပ်ဆက်စပ်သူတစ်ဦးဖြစ်သည့် အောင်မျိုးမင်းကိုလည်း ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ဖမ်းဆီးလိုက်ကြောင်း မသိရဟု ရှေ့နေဦးကျော်မျိုးထွန်းက ပြောသည်။
၎င်းတို့အား မည်သည့်နေရာတွင် ချုပ်ထားကြောင်း မသိရသေးသလို မိသားစုဝင်များနှင့် မတွေ့ရသေးသည့်အတွက် စိုးရိမ်မိကြောင်း ဖမ်းဆီးခံထားရသူ ကိုဟိန်းဇော်၏ မိခင် ဒေါ်အုန်းတင်က ပြောသည်။
“သားပြန်လာတယ်မေမေဆိုတဲ့ အသံပဲကြားလိုက်ရတယ်။ လေဆိပ်မှာလည်းမတွေ့ဘူး အခုအချိန်အထိလည်း မတွေ့သေးဘူး” ဟု ဒေါ်အုန်းတင်က ပြောသည်။
စွပ်စွဲခံရသူများကို တွေ့ဆုံခွင့်ရရန်အတွက် မိသားစုဝင်များနှင့်အတူ ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့(SB)ရုံးသို့ သွားရောက်သော်လည်း တာဝန်ရှိသူများ အလုပ်များနေသည့်အတွက် တွေ့ဆုံခွင့်မရခဲ့ကြောင်း ဦးကျော်မျိုးထွန်းက ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ သည် အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် ၆ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့အပြင် ရက္ခိုင့်တပ်တော် AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်၊ ဗိုလ်မှူးကျော်ဟန်နှင့် သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခ တို့ကိုလည်း မြောက်ဦးမြို့နယ် ရဲစခန်းမှ ဒုရဲမှူးအောင်သူက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်တရားစွဲဆိုထားသည်။