သတင်း

တိုင်ကြားခံရ၍ NLD ဗဟို သုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးကို ခုံရုံးဖွဲ့ စစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို တိုင်ကြားသည့်စာ ရောက်ရှိလာ၍ ပါတီစည်းကမ်းထိန်းသိမ်းရေးမှ ဦးဉာဏ်ဝင်း ဦးဆောင်ကာ စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း NLD ပါတီထံမှ သိရသည်။

ဦးမျိုးရန်နောင်သိမ်းကို တိုင်သည့်စာ ရောက်ရှိလာ၍ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရန် ပြုလုပ်နေခြင်းဖြစ်ကြောင်း အခြား အသေးစိတ် အချက်အလက်များကို ပါတီတွင်းကိစ္စဖြစ်၍ မဖြေကြားနိုင်သေးကြောင်းNLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanamr Now ကို ပြောသည်။

တိုင်စာရောက်လာလို့ ကျွန်တော်တို့ စုံစမ်းရေးအဖွဲ့ ဖွဲ့တာပဲ ပြောနိုင်ပါတယ်။ အခြား အသေးစိတ်တွေတော့ မပြောနိုင်သေးပါဘူး ဟု ၎င်းကပြောသည်။

NLD ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဦးဟံသာမြင့်က တာဝန်ယူထားပြီး ယခု အတိုင်ကြားခံထားရသူ ဦးမျိုးရန်နောင်သိမ်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ စသည့် အရေးပါသည့် နိုင်ငံရေးဖြစ်စဉ်များရှိနေပြီး ၎င်းကို တိုင်ကြားထား၍ ခေါ်ယူစစ်ဆေးနေသည့် ကိစ္စမှာ အရေးမပါကြောင်း လက်ရှိလုပ်ကိုင်နေသည့် သုတေသနလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြောင်း ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

ပါတီသဘောတရားအရပေါ့ဗျာ။ ပါတီမှာက တိုင်တဲ့လူရှိရင် စစ်ဆေးဖို့လိုတယ်။ အဲဒီအချိန်မှာ တာဝန်ကနေ ရပ်ဆိုင်းထားတယ်ဆိုတဲ့ သဘောပေါ့။ တာဝန်ကနေ ရပ်ဆိုင်းထားတယ်ဆိုတာ အလုပ်မလုပ်ရဘူးလို့ ပြောတာမဟုတ်ဘူး။ အလုပ်ကတော့ ဆက်လုပ်နေပါတယ်ဟု ၎င်းကပြောသည်။

၎င်းကို မည်သည့်ကိစ္စဖြင့် တိုင်ကြားထားသည်ကို ယခုအချိန်ထိ မသိရသေးဘဲ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ရန်အတွက် သွားရောက်တွေ့ဆုံခဲ့သော်လည်း ယခုအချိန်ထိ စစ်ဆေးခြင်းမရှိကြောင်း ပြောသည်။

ကျွန်တော်သွားတွေ့တယ်ဗျ။ ကျွန်တော်က မစောင့်နိုင်တော့ မြန်မြန်စစ်ပါပေါ့ဗျာ။ စစ်ချင်မြန်မြန်စစ်ပေါ့ဗျာ။ ကြိုက်သလို ဆုံးဖြတ်ပေါ့ဗျာ။ အဲဒါ ကျွန်တော့်ကိစ္စ မဟုတ်တော့ဘူး။ ကျွန်တော့်ကိစ္စက ကျွန်တော့်အလုပ် ကျွန်တော် ဆက်လုပ်ဖို့ပါပဲဟု ၎င်းကပြောသည်။

ထို စုံစမ်းရေး ခုံအဖွဲ့တွင် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးသိန်းဦးနှင့် ဒေါက်တာမျိုးအောင်တို့ ပါဝင်သည်။

ယခုနှစ်ပိုင်းအတွင်း လွှတ်တော်၊ အစိုးရအဖွဲ့နှင့်ပါတီတို့မှ NLD ပါတီဝင်များကို တိုင်ကြားခံထားရမှုများ ထပ်ရှိနေသေးပြီး ပါတီကလည်း စုံစမ်းစစ်ဆေးကာ ထိထိရောက်ရောက် အရေးယူနေကြောင်း NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူ ဦးအောင်ရှင် (မုံရွာအောင်ရှင်)က ပြောသည်။

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးကလည်း ဇူလိုင်လ ၂၄ ရက်နေ့က ပါတီမှ နုတ်ထွက်စာတင်ထားသည်။

ဦးအောင်စိုးကို ပါတီက အရေးယူထားခြင်းမဟုတ်ဘဲ သူ့သဘောဆန္ဒအရသာ နုတ်ထွက်ခွင့် တင်ထားခြင်းဖြစ်ကြောင်း၊ ထိုနုတ်ထွက်စာကို လက်ခံသင့် လက်မခံသင့်ကိုလည်း ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ထံမှ အကြံပြုချက် တောင်းခံထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ဦးအောင်စိုးက ကျွန်တော်တို့ အရေးယူထားတာ မဟုတ်ပါဘူး။ သူကိုယ်တိုင်ကနေ နုတ်ထွက်စာတင်ထားတာပါ။ သူ့နုတ်ထွက်စာကို လက်ခံသင့်၊ လက်မခံသင့် ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့အကြံပြုချက် တောင်းထား ပါတယ်ဟု ၎င်းကပြောသည်။

ဦးအောင်စိုးမှာ အဂတိလိုက်စားမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ခဲအိုတော်စပ်သူလည်းဖြစ်ပြီး ၎င်းကိုလည်း အောက်ခြေတိုင်ကြားစာများကြောင့် ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့သို့ ခေါ်ယူစစ်ဆေးပြီးနောက်တွင် ဦးအောင်စိုးက နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းသတင်းများအရ သိရသည်။

Show More

Related Articles

Back to top button