ရုရှားနှင့် ချုပ်ဆိုထားသော တာလတ်ပစ်ဒုံးကျည်စာချုပ်ကို ဆက်လက်ထိန်းသိမ်းရန် အချိန်မကျန်တော့ကြောင်း NATO အကြီးအကဲ ဂျန်စတိုလင်ဘတ်က ပြောကြားသည်။
စာချုပ်ကိုထိန်းသိမ်းရန် နောက်ဆုံးသတ်မှတ်ရက် ဩဂုတ်လ ၂ ရက်အထိ ရုရှားဘက်မှ တုံ့ပြန်မှုမရှိပါက သတ်မှတ်ထားသည့် ကာကွယ်ရေးအစီအစဉ်ဖြင့် တုံ့ပြန်သွားမည်ဟု စတိုလင်ဘတ်က ကတိပေးထားသည်။
“ရုရှားဒုံးကျည်တွေ ပိုများလာမယ့် ကမ္ဘာကြီးအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။
အမေရိကန်နှင့် ရုရှားအကြား လက်မှတ်ထိုးထားသော ၁၉၈၇ စာချုပ်တွင် တာတိုနှင့် တာလတ်ပစ်ဒုံးကျည်များကို ပိတ်ပင်ထားသည်။
အဆိုပါစာချုပ် စည်းကမ်းများကို ရုရှားဘက်မှ ချိုးဖောက်နေသည့်အတွက် အမေရိကန်ဘက်ကလည်း စာချုပ်လိုက်နာမှုကို ဆိုင်းငံ့ထားမည်ဟု သမ္မတထရမ့်က ဖေဖော်ဝါရီလတွင် ပြောဆိုထားသည်။
ရုရှားဘက်က ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် စာချုပ်လိုက်နာမှုကို ရပ်ဆိုင်းကာ လက်နက်သစ်ထုတ်လုပ်မည့် အစီအစဉ်များကို ကြေညာခဲ့သည်။
နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော၊ ရွှေ့လျားနိုင်သော၊ ထောက်လှမ်းရန်ခက်ခဲသော၊ ဥရောပမြို့ကြီးများထံ မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်သော ရုရှားဒုံးကျည်များသည် စာချုပ်ပါ တားမြစ်ချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေသည်ဟု စတိုလင်ဘတ်က ပြောကြားသည်။
နေတိုးအဖွဲ့အနေနှင့် မြေပြင်အခြေစိုက် နျူကလီးယားဒုံးကျည်များကို ဥရောပမြေပေါ်တွင် ဖြန့်ကြက်သွားရန် အစီအစဉ်မရှိသော်လည်း ရုရှားက စာချုပ်သို့ ပြန်ဝင်မလာပါက သတ်မှတ်ထားသည့် ကာကွယ်ရေးအစီအမံများဖြင့် တုံ့ပြန်မည်ဟု စတိုလင်ဘတ်က ပြောဆိုသည်။
တုံ့ပြန်မည့်အစီအစဉ်များတွင် သမားရိုးကျ လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ စစ်ရေးလေ့ကျင့်မှုများ၊ အဆင်သင့်တပ်လှန့်ထားမှုစနစ်များ၊ လက်နက်ထိန်းချုပ်ရေး အစီအစဉ်သစ်များ ပါဝင်နိုင်ဖွယ်ရှိပြီး နောက်ဆုံးသတ်မှတ်ရက် ကျော်သွားလျှင် အပြီးသတ်ဆုံးဖြတ်မည်ဟု စတိုလင်ဘတ်က ပြောသည်။
NATO အဖွဲ့ဝင် တူရကီနိုင်ငံက ဝယ်ယူထားသည့် ရုရှားလုပ် S400 ဒုံးကျည်ကာကွယ်ရေးစနစ်များ ယခင်အပတ်က ရောက်ရှိလာမှုကြောင့် အမေရိကန်နှင့် တူရကီ တင်းမာနေခြင်းနှင့် ပတ်သက်၍ စတိုလင်ဘတ်က အဖွဲ့ဝင်နှစ်ဦးအကြား သဘောကွဲလွဲမှု ဖြေရှင်းရေး အားထုတ်မှုများကို နေတိုးက ထောက်ခံကြောင်းနှင့် တူရကီသည် အဖွဲ့တွင် အဓိကကဏ္ဍမှ ပါဝင်နေကြောင်း မှတ်ချက်ပေးသည်။
ထို့အပြင် သမ္မတထရမ့် အကြိမ်ကြိမ် တောင်းဆိုထားသည့်အတိုင်း NATO အဖွဲ့ဝင်များက ကာကွယ်ရေးဘတ်ဂျက်ကို ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အားထုတ်နေမှုများကိုလည်း စတိုလင်ဘတ်က အသိအမှတ်ပြု ချီးကျူးသည်။
အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ရန်အတွက် လမ်းညွှန်ချက်အသစ်များကို နေတိုးက ရေးဆွဲနေသောကြောင့် လိုက်နာရန် စံသတ်မှတ်ချက်များ ရရှိလာတော့မည်ဟု စတိုလင်ဘတ်က အသိပေးပြောကြားသည်။
Credit : BBC