
ကမာရွတ်မြို့နယ် ကမာရွတ်တက္ကသိုလ်နယ်မြေတွင် တက်ရောက်နေသည့် ကျောင်းသူများအနေဖြင့် မိမိကျောင်းနယ်မြေ အတွင်းမှာပင် ပြင်ပမှလာရောက်သော ပုဂ္ဂလိကယာဉ်မောင်းအချို့၏ ကာယိန္ဒြေထိပါးနှောင့်ယှက်ခြင်းကို ခံနေရသဖြင့် လုံခြုံရေးဆောင်ရွက်ပေးရန် ၎င်းတက္ကသိုလ်သမဂ္ဂက အာဏာပိုင်များကို ယနေ့ တောင်းဆိုလိုက်သည်။
ရန်ကုန်မြို့တွင် ယနေ့ မနက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလအတွင်းက တက္ကသိုလ်နယ်မြေအတွင်း ရပ်ထားသည့် ယာဉ်တစ်စီး၏ယာဉ်မောင်းက ၎င်းနှင့် သူငယ်ချင်းတစ်ဦးတို့ ဖြတ်အသွားတွင် ကားတံခါးဖွင့်၍ ၎င်းတို့ကိုကြည့်ကာ တစ်ကိုယ်ရေအာသာဖြေပြနေသဖြင့် အဆိုပါယာဉ်ကို ဓာတ်ပုံရိုက်ကာ ကမာရွတ်မြို့နယ်တရားရုံးတွင် အမှုသွားဖွင့်ခဲ့သည်ဟု ကိုယ်တိုင်ကြုံခဲ့သူ သမဂ္ဂတွဲဖက် အတွင်းရေးမှူး မနီလာဝင်းက ပြောသည်။
“တစ်လပိုင်းကတည်းက အမှုဖွင့်တာ။ ခုနစ်လပိုင်းလည်းကျရော အဲဒီလူ လွတ်သွားတယ်။ ဘာလို့လွတ်တာလဲဆိုပြီး မနေ့ကသွားမေးတော့ (ရှေ့နေက) အဲဒီလူက မြို့နယ်ရဲစခန်းမှာ ဝန်ခံပေမယ့် တရားရုံးအဖြေမှာ ငြင်းတယ်။ အဲဒီလိုလုပ်ပြတာမဟုတ်ပါဘူး၊ သူ့ရဲ့အင်္ဂါကို ဆေးလိမ်းတာပါဆိုပြီးပြောတယ်။ နောက်တစ်ခု သူက အသံပြုပြီးလုပ်တာမဟုတ်ဘူး။ သူ့ဟာသူ လုပ်နေတာ၊ ကျွန်မတို့က သွားကြည့်တာ။ အဲဒီသုံးချက်နဲ့ အဲဒီလူကို လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
ကျောင်းမှ အဆောင်သို့ ပြန်သည့် တက္ကသိုလ်နယ်မြေအတွင်း ဖြစ်ပွားခြင်းကြောင့် အမှုမဖွင့်မီ ၎င်းတို့၏အဆောင်မှူးထံ တိုင်ကြားခဲ့သော်လည်း “နင်တို့က ကြည့်တာကိုး။ သူက ဒီလို လုပ်ပြနေရင် တခြားလမ်းက သွားပါလားလို့ ပြောတယ်” ဟု မနီလာဝင်းက ဆိုသည်။
လက်ရှိ အဆောင်နေ တက်ရောက်နေ့သည့် ကျောင်းသူ မိန်းကလေး ၂၀၀ ကျော်ကို သမဂ္ဂက ယခုရက်ပိုင်း မေးမြန်းခဲ့ရာ ကာယိန္ဒြေထိပါးအောင် ပြုမူပြောဆိုမှုနှင့် တစ်မျိုးမဟုတ်တစ်မျိုး ကြုံဖူးကြောင်း ပြောသည်ဟု မနီလာဝင်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လကလည်း တက္ကသိုလ်နယ်မြေအနီးရှိ ကျောင်းကွေ့မှတ်တိုင်တွင် ကျောင်းပြင်ပ လူသုံးဦးက ကျောင်းသားနှစ်ဦးကို နေ့ခင်းကြောင်တောင် ဓားထောက် လုယက်ဖို့ကြိုးစား နေစဉ် အခြားသော ကျောင်းသားများ အချိန်မီ ရောက်လာသဖြင့် အမှုအခင်း မဖြစ်ခဲ့ကြောင်းလည်း ဆိုသည်။
ထို့ကြောင့် တက္ကသိုလ်နယ်မြေအတွင်း လုံခြုံရေးလျော့နည်းနေခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ အနေဖြင့် ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပြီး မဖြေရှင်းပေးပါက “ကျောင်းသားနည်း ကျောင်းသားဟန်ဖြင့်” ဖြေရှင်းမည်ဟု အဆိုပါကျောင်း၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်ကပြောသည်။
“ကျောင်းသားနည်း ကျောင်းသားဟန်” ဆိုသည်မှာ ဘာကိုဆိုလိုသည်ကို မေးရာမှာတော့ မဖြေကြားခဲ့ပါ။
“ဒါ တက္ကသိုလ် မဟုတ်တော့ဘူး။ ဂျလေဘီ ရပ်ကွက် ဖြစ်နေပြီ” ဟု ကိုနောင်ထက်အောင်က ပြောသည်။ ၎င်းတို့အနေဖြင့် တက္ကသိုလ်နယ်မြေအတွင်း စည်းကမ်းကို ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက ချမှတ်နိုင်သည်ဟု လက်ခံကြသည်။
တက္ကသိုလ်နယ်မြေအတွင်း လမ်းကို ဖြတ်လမ်းအဖြစ် အလွယ်တကူ အသုံးပြုနိုင်ခြင်း၊ ပြင်ပမှ လူ၊ ယာဉ် ဝင်ထွက်ခြင်းအပေါ် စစ်ဆေးရေးဂိတ်များနှင့် စစ်ဆေးသည့်စနစ် မရှိခြင်း၊ စောင့်ကြည့်ကင်မရာများ မရှိခြင်းတို့က တက္ကသိုလ်ဝင်းအတွင်းလုံခြုံမှုကို လျော့နည်းစေသည်ဟု ယူဆကြောင်း သမဂ္ဂခေါင်းဆောင်များက ပြောကြားသည်။
အထက်ပါအချက်များကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ယခင်က တွေ့ဆုံညှိနှိုင်းဖူးသော်လည်း ပြေလည်မှု မရှိခဲ့ကြောင်း ကိုနောင်ထက်အောင်က ဆိုသည်။
တာဝန်ရှိသူများက လွန်ခဲ့သည့် ခြောက်လခန့်က စ၍ တက္ကသိုလ်နယ်မြေအတွင်း လှည့်ကင်း လှည့်ပေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းပေးခဲ့သော်လည်း ထိရောက်မှု မရှိကြောင်း ၎င်းကပြောသည်။
ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က တက္ကသိုလ်နယ်မြေအတွင်း မိန်းကလေးများကို နှောင့်ယှက်တတ်သည်ဆိုသော လမ်းတစ်လျှောက်တွင် စောင့်ကြည့်ကင်မရာ အများအပြား တပ်ဆင်ရန် တင်ဒါခေါ်ပြီးဖြစ်ကြောင်း၊ ဘတ်ဂျက်ကျသည်နှင့် တပ်ဆင်မည်ဟု ၎င်းအနေဖြင့် သိရှိထားကြောင်း ဆိုသည်။
အဆိုပါကိစ္စများမှာ ကမာရွတ်တက္ကသိုလ်နယ်မြေအတွင်း ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကျောင်းသူများ၏ တက္ကသိုလ်အဆောင်သို့ အသွားအပြန်လမ်းတွင် ဖြစ်ပွားကြောင်း သိရှိရပြီး ရန်ကုန်ပညာရေး တက္ကသိုလ်ဝင်းအတွင်းတော့ ထို ဖြစ်ရပ်များ မဖြစ်ပွားဖူးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ကျွန်မတို့ ကျောင်းက နယ်ကလေးတွေ များတယ်။ ရိုးသားကြတော့ လုပ်ပြတာ ဖြစ်မှာပေါ့။ ကျွန်မတို့ ကလေးတွေအတွက် စိုးရိမ်ပါတယ်။ ဒီကိစ္စတွေအကုန်လုံးကို ကျွန်မ အမြဲ အာဏာပိုင်တွေကို အကြောင်းကြားပါတယ်” ဟု
ရန်ကုန်ပညာရေးတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က ပြောသည်။
ကမာရွတ်တက္ကသိုလ်နယ်မြေအတွင်း လမ်းမများဘေးတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC) မှ ကျောင်းကြိုပို့ကားများနှင့် အိမ်စီးကားများ၊ စီးပွားရေးလုပ်ငန်းတံဆိပ်ပါ ကားများ အများဆုံး လာရောက်ရပ်နားနေသည်ကို မြင်ခဲ့ရသည်။