
မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေမှာ ဇူလိုင် ၅ ရက်နေ့မှစ၍ စိုးရိမ်ရေမှတ်သို့ နီးကပ်လာခဲ့သဖြင့် ဇူလိုင် ၉ ရက်နေ့တွင် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ၅ ခု မြောက်ထပ်တိုး ဖွင့်လှစ်ထားရသည်။
ဇူလိုင်လ ၉ ရက်နေ့မနက်ပိုင်းတွင် ဓမ္မဝိဟာရ၊ မြို့နယ်တစညရုံး၊ မြို့ဦး၊ အောင်သိဒ္ဓိ စသည့် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားခဲ့ရာမှ ညနေ ၅ နာရီ အထိ မြစ်ရေ ဆက်တက်နေသဖြင့် ညနေပိုင်းတွင် အထက(ဘီးလင်း) စာသင်ကျောင်းကို ကယ်ဆယ်ရေးစခန်းအဖြစ် ထပ်တိုးဖွင့်လှစ်ခဲ့သည်ဟု ဘီးလင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ယနေ့ပြောသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်က ကယ်ဆယ်ရေးစခန်းများကို ယနေ့ လာရောက်ခဲ့ပြီး လူ ၆၀၀ နီးပါးအတွက် ၇ ရက်စာ စားစရိတ် ကျပ် ၃၆၉ သိန်း လှူဒါန်းခဲ့ကြောင်း ၎င်းထံမှ သိရသည်။
“အခုတောင် ပြောနေရင်း မိုးရွာလာတယ် ဆိုလိုတာက ရေကျရင်တော့ သူတို့ပြန်မှာပေါ့၊ ဒါပေမဲ့ ခုရက်ပိုင်း ပင်လယ်ရဲ့သဘာဝပေါ့ လပြည့်ကျော် ၃ ရက်(ဇူလိုင် ၁၉) လောက်အထိက အောက်ရေ တက်တတ်တယ် တောင့်တတ်တဲ့ သဘာဝရှိတဲ့အခါကျတော့ အဲ့ဒီအချိန် မိုးရွာရင် ရေဆင်းနှုန်းနည်းတာပေါ့၊ ကျွန်တော်မြင်တာတော့ အခုလက်ရှိ camp တွေကတော့ ဆက်ရှိနေဦးမှာပေါ့” ဟု ဦးတင်ကိုကိုက ပြောသည်။
ယင်းရေကြီးမှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ မူလတန်း စာသင်ကျောင်း ၃ ကျောင်း ပိတ်ထားခဲ့ရပြီး ယနေ့မနက်ပိုင်းတွင် တစ်ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု ၎င်းကဆိုသည်။
ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သည် ၁၀၂၂ စင်တီမီတာဖြစ်ပြီး အမြင့်ဆုံး ၉၈၈ စင်တီမီတာအထိ တက်ခဲ့ကာ ဇူလိုင် ၉ ရက်ညနေ ၆ နာရီခန့်မှစ၍ မြစ်ရေ စတင်ကျဆင်းလာခဲ့ပြီး လက်ရှိအချိန်တွင် ၉၆၆ စင်တီမီတာ ရှိနေကာ ၂၂ စင်တီမီတာ ပြန်လည် ကျဆင်းနေသည်။
ဘီးလင်းမြို့တွင် ယခုကဲ့သို့ မိုးရာသီချိန်ရောက်တိုင်း ရေကြီးရေလျှံဖြစ်တတ်၍ ယခုနှစ်တွင် စနစ်တကျ ကြိုတင် စီမံဆောင်ရွက်ထားသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။ ယခုနှစ်တွင် ကယ်ဆယ်ရေးစခန်း တစ်ခုချင်းစီအတွက် တာဝန်ခံများ ထားပေးထားသဖြင့် လူဦးရေ အဝင်အထွက်စာရင်း အတိအကျဖြင့် ဆောင်ရွက်နိုင်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
“မနှစ်တုန်းက ကျတော့ ကမန်းကတန်း ဖြစ်သွားတာပေါ့၊ ပရဟိတတွေလည်း ကူတာရှိတော့ သူတို့ကလည်းပို့ ကျွန်တော်တို့ camp ကလည်းပို့ဆိုတဲ့အခါကျတော့ တချို့ camp တွေမှာ ထမင်းတွေ အများကြီးဖြစ်ရော၊ နောက်နေ့လည်းကျရော ဟာ ဒီနေရာမှာ များတယ်ဆိုပြီး မလာကြတဲ့အခါကျတော့ အဲ့ဒီနေရာမှာ နည်းသွားတာတွေရှိတယ် ဆိုလိုတာက camp ကို တာဝန်ခံမည့်သူ မရှိတာပေါ့” ဟု ဦးတင်ကိုကိုက ပြောသည်။
ကယ်ဆယ်ရေးစခန်း ၅ ခုတွင် လူဦးရေ ၆၀၀ နီးပါး ရောက်ရှိလာကြပြီး အများစုကတော့ ဘီးလင်းမြို့ပေါ်ရှိ ရပ်ကွက်များမှဖြစ်ပြီး ၎င်းတို့ နေအိမ်သို့ ပြန်ရန်မှာ နောက် ၁၀ ရက်လောက် စောင့်ကြည့်ရဦးမည်ဟု ခန့်မှန်းထားကြသည်။