မိတ္ထီလာ —ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ ငါးနှစ်ကျော် ကြာလာပြီဖြစ်သော၊ မြန်မာပြည်အလယ်ပိုင်း စီးပွားရေး အချက်အချာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သော မိတ္ထီလာရှိ ရပ်ကွက်တစ်ခုသည် နံနက်ခင်း နေရောင်အောက် ကလေးငယ်တို့၏ ရယ်သံများ၊ ပြေးလွှားဆော့ကစားသံများနှင့်အတူ သက်ဝင်လှုပ်ရှားနေသည်။
ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၅,၀၀၀ ကျော် ရန်ငြိုးမရှိ နေထိုင်ခဲ့ကြသော၊ ချမ်းအေးသာယာဟု အမည်ရသော ဤရပ်ကွက်လေးသည် ၂ဝ၁၃ မိတ္ထီလာ အဓိကရုဏ်းကာလအတွင်း အခြားနေရာများနှင့် မတူဘဲ တစ်ရပ်ကွက်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်။
ထိုနှစ် မတ်လ ၂၂ရက်နေ့ မနက်ပိုင်းက သင်္ကန်းဝတ်နှစ်ဦး အပါအဝင် အရပ်ထောင်ထောင်မောင်းမောင်း
“တို့မရှို့ရင် နောက်က လူတွေက ရှို့လိမ့်မယ်လို့ အဲဒီလိုပြောပြီးတော့ ဓာတ်ဆီတောင် မပါဘူး၊ အဲ့ဒီအတိုင်း ကပ်ပြီး ရှို့သွားတာ။ ကျွန်တော် မျက်ရည်တောင် ကျရတယ်” ဟု ဦးဖိုးသားက ပြောပြသည်။
“ဒေသခံတွေလို့တော့ လုံးဝ မထင်ဘူး။ ဒီလူတွေဟာ နိုင်ငံရေး လှုံ့ဆော်ဖို့အတွက် သက်သက် လာကြတာလို့ပဲ ထင်တယ်။ ဒီမိတ္ထီလာမှာဆိုရင် အကုန်လုံး ကျွန်တော့်ကို သိသလို ကျွန်တော်ကလည်း သိတယ်” ဟု ၎င်းက ဆိုသည်။
အပြန်အလှန်ကူညီရိုင်းပင်းမှု
တစ်ချိန်တည်းမှာပင် ကိုးကွယ်ဝတ်ပြုသည့် အဆောက်အအုံများ ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်ရေးအပါအဝင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရာတွင် အစိုးရ၏ ပိုမိုပါဝင်ဆောင်ရွက်ရေးကို မျှော်လင့်နေကြသည်။
ပဋိပက္ခအတွင်း ရိုင်းပင်းမှု
ချမ်းအေးသာယာ ရပ်ကွက် မီးရှို့ခံခဲ့ရပြီး နောက်တစ်နှစ်တွင် နေအိမ်များ ပြန်လည်ဆောက်လုပ်ကြရာ ၎င်းတို့ထဲမှ အိမ်ခြေ ၇၃ဝ ကို ဆင်းရဲနွမ်းပါးသူ မွတ်စလင်များသို့ ပေးအပ်လေ့ရှိသည့် ရန်ကုန်မြို့ ယောင်နက်ဗလီ၏ အလှူငွေကို အသုံးပြုခဲ့သည်ဟု ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးအောင်ဌေးက ပြောသည်။
အခြားသော ရပ်ကွက်များနည်းတူ ၎င်းတို့ရပ်ကွက်သည် ကိုးကွယ်သည့်ဘာသာ မတူသဖြင့် အမုန်းပွား ခွဲခြားမှု၊ ထိုးနှက်တိုက်ခိုက်မှု ဆိုသည်မှာ ရှေးယခင်ကပင် မရှိခဲ့သည့် ရပ်ကွက်ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးအောင်ဌေးက ဆိုသည်။
“အဲဒီလို မီးရှို့တော့ ဗုဒ္ဓဘာသာတွေ၊ အစ္စလာမ်တွေ တောထဲမှာ အတူတူပဲ သွားရှောင်နေကြတာ။ အတူတူ နေကြတာ။ မီးလောင်ပြီး နောက်နေ့ရောက်တော့ အမှတ် (၁) ကျောင်းထဲက ယာယီခိုလှုံရေးစခန်းမှာလည်း တူတူနေကြတာပါ” ဟု ၎င်းက ပြောသည်။
ပဋိပက္ခကာလအတွင်း ရပ်ကွက်တချို့တွင် အကြမ်းဖက်သူတို့ လုပ်ငန်းဆောင်ရွက်ခြင်း မပြုနိုင်စေရန် ဟန့်တားနိုင်သဖြင့် နေအိမ်၊ အဆောက်အအုံများ ဖျက်ဆီးခြင်း မခံခဲ့ရပေ။
မွတ်စလင်အများစုနေထိုင်ရာ သာယာကုန်း(၁) ရပ်ကွက်ရှိ ရာအိမ်မှူး ဦးဘကြူက ၎င်းတို့ရပ်ကွက်မှ ဒေသခံများ စာသင်ကျောင်းတစ်ကျောင်းသို့ သွားရောက်ပြီး ရက် ၄ဝ ခန့် ခိုလှုံခဲ့ကြကြောင်း၊ ပြန်လာချိန်တွင် နေအိမ်များ အကောင်းအတိုင်း ကျန်နေခြင်းမှာ ၎င်းတို့နှင့် ကပ်လျက် တည်ရှိသည့် ရပ်ကွက်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း ရှင်းပြသည်။
လူသတ်မှု၊ မီးရှို့မှု၊ အပြန်အလှန်တိုက်ခိုက်မှုများ ပါဝင်သည့် မိတ္ထီလာ အကြမ်းဖက်မှုကာလအတွင်း အန္တရာယ်ပြုခံနေရသူတို့ကို လူသားချင်း ထားရမည့် မေတ္တာတရားဟူသည့် အခြေခံစိတ်ဖြင့် ကူညီခဲ့သူများတွင် ခရစ်ယာန်ဘာသာဝင် ဒေါ်ဝင်းမာဦးလည်း ပါဝင်သည်။ သူက လမ်းတွင် တွေ့ရသည့် ဒဏ်ရာရလူငယ်တစ်ဦးကို ဆေးရုံသို့ ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးနိုင်ခဲ့သည်။
မိတ္ထီလာကန်အနီး တုန်လှုပ်စွာ ထိုင်နေသည့် လူငယ်တစ်ဦးကို ဘေးကင်းရာသို့ တိမ်းရှောင်ရန် တိုက်တွန်းခဲ့သော်လည်း အကြမ်းဖက်သမားများက လက်ဦးသွားခဲ့သည်ဟု ဆိုသည်။
“ကျွန်မက ‘ပြေးတော့ ပြေးတော့’ လို့ ပြောတယ်။ မပြေးဘဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိုင်နေတာ။ အဲဒီမှာ ဟိုကောင်လည်း ပါတယ်ဆိုပြီး ကျွန်မရှေ့မှာတင် အဲဒီကလေးလေးကို သတ်ပစ်လိုက်တာ” ဟု ၎င်းက ပြောသည်။
အလားတူပင် မြို့ခံတစ်ဦးဖြစ်သူ မနေဇာမင်းဆွေတို့ မိသားစု အရေးအခင်းအတွင်း အသက်လု ထွက်ပြေးကြစဉ် အကာအကွယ်ပေးသူတို့မှာ မြို့ခံ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
တိမ်းရှောင်ရာ လမ်းတစ်လျှောက် တုတ်၊ ဓား ကိုင်ဆောင်ထားသူ အများအပြား တွေ့ရှိခဲ့ရကြောင်း၊ လိုက်ပါပို့ဆောင်ပေးသူ ဗုဒ္ဓဘာသာဝင် ဦးဝကြီး ဆိုသူကိုလည်း ယနေ့တိုင် အမှတ်ရ ကျေးဇူးတင်နေကြောင်း ၎င်းက ပြောသည်။
၃၆ နှစ်အရွယ် မနေဇာမင်းဆွေမှာ ဒုက္ခသည်စခန်းတစ်ခုတွင် ငါးလခန့် နေထိုင်ခဲ့ပြီးနောက် သူ့ရပ်ကွက်တွင် စာသင်သည့် အလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
ကျူရှင်ရောက်လာသည့် ကလေးများထဲတွင် ဘာသာရေးမှိုင်း သိသိသာသာ မိထားသူတချို့ ပါဝင်သော်လည်း နောက်ပိုင်းတွင် ကလေးအချင်းချင်း ပြန်လှန်ထိန်းကျောင်းသွားတတ်သည်ဟု ၎င်းက ပြောသည်။
ပိတ်ထားသော ဗလီများ
ရှေ့နေ ဦးအောင်သိန်းသည် မတူကွဲပြားသည့် ဘာသာအယူဝါဒရှိသူများကြား ငြိမ်းအေးစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ၎င်း၏လှုပ်ရှားမှုကြောင့် မိတ္ထီလာတွင် လူသိများသူတစ်ဦး ဖြစ်သည်။ ၂ဝ၁၃ အရေးအခင်းအပြီးတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ထီလာသုခ သမဂ္ဂီအဖွဲ့ကို တည်ထောင်သူများထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ မိတ္ထီလာရှိ မွတ်စလင်တို့မှာ အပိတ်ခံထားရသည့် ဗလီများတွင် ပြန်လည်ဝတ်ပြုလိုပြီး ၎င်းတို့ နေအိမ်၊ မြေကွက်များကိုလည်း ပြန်လည် ရယူလိုကြသည်ဟု ရှေ့နေက ဆိုသည်။
“အဆိုးဆုံးကတော့ အခြေခံ ဘာသာရေး၊ ယဉ်ကျေးမှု သင်တန်းကျောင်းတွေ အကုန် အပိတ်ခံထားရတယ်” ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
အရေးအခင်းမတိုင်ခင်က ဗလီ ၁၃ ခု ရှိခဲ့ပြီး ယခုအခါ ဝတ်ပြုခွင့်ရသည့် ဗလီမှာ ၆ ခုသာရှိကြောင်း ရတနာမွန်ဗလီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစန်းဝင်းရှိန်က ပြောသည်။ ဝတ်ပြုသည့်နေရာ အကန့်အသတ် ဖြစ်လာသောကြောင့် ရတနာမွန်တွင် ဝတ်ပြုချိန်ကို နှစ်ချိန် ခွဲပြီး စီစဉ်နေရသည်ဟု ဆိုသည်။
“လူနေအိမ်မှာလည်း ဝတ်ပြုခွင့်မပြုဘူး၊ ဗလီကဲ့သို့ ဝတ်ပြုခွင့်မရှိဘူး ဆိုတဲ့ တားမြစ်မိန့်ကလည်း ရှိထားတော့ နေ့စဉ် ဘာသာရေး ဆောင်ရွက်ခွင့်ရဖို့အတွက်က အခက်အခဲ ဖြစ်ရတာပေါ့၊ စိတ်မချမ်းမမြေ့ ဖြစ်ရတာပေါ့
မိတ္ထီလာ အဓိကလမ်းမကြီးရှိ ဗလီအားလုံးကို ပိတ်ထားသဖြင့် ဝေးလံသည့် အခြားရပ်ကွက်များသို့ သွားရောက် ဝတ်ပြုနေရသည်ဟု မြို့ခံ မွတ်စလင်တစ်ဦးဖြစ်သူ ဦးဖိုးတာက ဆိုသည်။
အစိုးရ ပိုမိုပါဝင်ရေး
ဗလီများကို ပိတ်ထားခြင်း ကဲ့သို့သော ပိတ်ပင် တားဆီးမှုများသည် အစိုးရ၏ မူဝါဒနှင့်လည်း သက်ဆိုင်နေသည်ဟု ရခိုင်ဒေသ ပဋိပက္ခဆိုင်ရာ ကိုဖီအာနန်ကော်မရှင်တွင်လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သည့် ဟာဂျီဦးအေးလွင်က ပြောသည်။
“ဒီ (အင်န်အယ်ဒီ) အစိုးရ တက်လာတဲ့အခါမှာ တရားဥပဒေစိုးမိုးရေး ဆိုတာလည်း ပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိကအဆောက်အအုံဆိုတာ ဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင်စာရွက်စာတမ်းတို့ ဘာတို့က သိပ်ပြီး ရှိတာမဟုတ်ဘူး။ ပိတ်ပင် ဟန့်တား တားဆီးမှုတွေ ခံနေရတာက ဥပဒေအတိုင်းလုပ်ဆိုတာကြီးကြောင့်” ဟု ဟာဂျီဦးအေးလွင်က သုံးသပ်သည်။
မူဝါဒချပေးသည့် အစိုးရအဖွဲ့နှင့် လက်တွေ့အကောင်အထည်ဖော်ရသည့်
ဤအတောအတွင်း အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ မှ ၂၂ အထိ နေပြည်တော်၌ ကျင်းပသွားရန် ပြင်ဆင်နေသည်။
ဘာသာပေါင်းစုံ ခေါင်းဆောင်များ ဦးဆောင်ပါဝင်သော ငြိမ်းချမ်းမေတ္တာအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဆက်မောင်ဝင်းသည် အစိုးရက အသစ်ထပ်မံဖွဲ့စည်းသည့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့တွင် အမှုဆောင်တစ်ဦးလည်း ဖြစ်သည်။ မိတ္ထီလာအပါအဝင် ဒေသအများအပြားတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး လှုပ်ရှားမှုများ ရှိနေကြောင်း ဘုန်းတော်ကြီးက မိန့်သည်။
“အစိုးရကလည်း ဘာသာပေါင်းစုံကို ကူညီမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ရလာမယ် ဆိုတာကိုလည်း သူတို့ ခံယူချက်ရှိပါတယ်” ဟု ဂျိုးဆက်မောင်ဝင်းက မိန့်သည်။
မိတ္ထီလာမြို့ခံ ရှေ့နေကြီး ဦးအောင်သိန်းကမူ အဖွဲ့အစည်းပေါင်းများစွာ၏ ဘာသာပေါင်းစုံ ညီညွတ်ရေး လှုပ်ရှားမှုများ ရှိသော်လည်း အစိုးရ၏ သိသိသာသာ ပါဝင်ဆောင်ရွက်မှုများကို မျှော်လင့်နေသည်။ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းတရား ဖြစ်ပွားစေသည့် သီချင်းများ၊ စာရွတ်စာတမ်းများ ဖြန့်ဝေနေသည့် လှုပ်ရှားမှုမှာ ယခုနှစ်အတွင်း အစိုးရ ဟန့်တားသည့် အစီအစဉ်တို့ကြောင့် လျော့ပါးလာပြီး ဒေသတွင်း တည်ငြိမ်မှု ရှိလာသည်ဟု ဆိုသည်။
“သွေးထိုးလှုံ့ဆော်မှု အရှိန်ကျသွားရင် တည်ငြိမ်မှု၊ အသားကျမှုနဲ့ ငြိမ်းချမ်းချစ်ကြည်မှုက ပြန်လည် ဖြစ်ပေါ်လာပါတယ်” ဟု ဦးအောင်သိန်းက ပြောလိုက်သည်။