သတင်း

NCA လက်မှတ်ထိုးရန် မိုင်းလားအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေါ်

မိုင်းလား၊ ဇွန် ၃၀

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA ပါဝင်လက်မှတ်ရေးထိုးရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ကာ ဖိတ်ခေါ်လိုက်သည်။

ယနေ့မနက်အစောပိုင်းက မိုင်းလားမြို့တွင်ပြုလုပ်ခဲ့သည့် အထူးဒေသ (၄) မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု နှစ် ၃၀ ပြည်အခမ်းအနားကို ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာမှတစ်ဆင့် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ရေရှည်ထိန်းသိမ်းရန် တိုင်းရင်းသားများ၏လိုလားချက်များ၊ အခွင့်အရေးများကိုဖော်ဆောင်နိုင်ရန် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်လိုအပ်သောကြောင့် NCA တွင်ပါဝင်လက်မှတ်ရေးထိုးပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အတူတကွဖော်ဆောင်ဖို့ ဖိတ်ခေါ်ကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားပြီး NCA မထိုးရသေးသည့် အခြားလက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်ရေးထိုးမည်ဆိုပါက ၎င်းတို့လည်း ပါဝင်ရေးထိုးမည်ဖြစ်ကြောင်း မိုင်းလားအဖွဲ့၏ ပြောခွင့်ရ ဦးခမ်းမောင်က ပြောသည်။

“ကျွန်တော်တို့ထိုးမယ်၊ တချို့အဖွဲ့အစည်းကကျန်ခဲ့မယ်၊ ကျန်ခဲ့မယ့်အဖွဲ့အစည်းကလည်း ကျွန်တော်တို့ကိုအထင်လွဲနေမယ်ဆိုရင် မကောင်းဘူး” ဟု ၎င်းကပြောသည်။

မိုင်းလားအဖွဲ့ NCA လက်မှတ်ရေးထိုးရေးအတွက် ‘ဝ’ လက်နက်ကိုင်အဖွဲ့ အပေါ်တွင်မူတည်နေသည်ဆိုသည့်အချက်ကိုလည်း ၎င်းက ငြင်းဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးတွင် အင်အားအကြီးဆုံးအဖြစ်သတ်မှတ်ထားကြသည့် UWSA ‘ဝ’ လက်နက်ကိုင်အဖွဲ့ အဖွဲ့သည် လတ်တလောအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အမြင့်ဆုံးအဆင့်ကိုရရှိထားပြီး အစိုးရအာဏာစက်သက်ရောက်မှုမရှိသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

UWSA ၏ အခြေအနေကို အားကျကြောင်းနှင့် ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ်အဆင့်ရလိုကြောင်း ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA ၏ နိုင်ငံရေးရည်မှန်းချက်မှာ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုသာဖြစ်လိုကြောင်းနှင့် ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကျင်းပစဉ်ကတည်းက တောင်းဆိုထားသည့် အဆိုပါအချက်မှာ ယနေ့အချိန်အထိပြောင်းလဲခြင်းမရှိသေးကြောင်း မိုင်းလားပြောခွင့်ရ ဦးခမ်းမောင်က ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရှိသော်လည်း မိုင်းလားအဖွဲ့နည်းတူ UWSA ‘ဝ’ တပ်ဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ စသည့်အင်အားကြီးလက်နက်ကိုင်အဖွဲ့များမျာ NCA လက်မှတ်မထိုးခြင်းမရှိသေးပေ။

မိုင်းလားလက်နက်ကိုင်အဖွဲ့သည် ရှမ်း၊ အခါ တိုင်းရင်းသားများကို စုပေါင်းပြီး ကော် ၈၁၅ စစ်ဒေသခေါင်းဆောင်အဖြစ် ဦးစိုင်းလင်းမှ ဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၏လက်အောက်ခံအဖြစ်ရပ်တည်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်တွင် ဗကပ မှခွဲထွက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button