သတင်း

ဒီချုပ်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ဆေးရုံတင်ထားရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် သွေးဝမ်းသွားသောကြောင့် ဇွန်လ ၁၁ ရက်နေ့ညမှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

“ ဝမ်းသွားတဲ့အခါကျတော့ သွေးပါတယ်။ အဲဒါ အစာအိမ်မှာ သွေးကြောလေးတွေ ပေါက်သလား သိချင်တာပေါ့။ မှန်ဘီလူးကြည့်ဖို့ပါ” ဟု ရန်ကုန်ဆေးရုံကြီး၌ ဦးဉာဏ်ဝင်းအား အနီးကပ် ပြုစုပေးနေသူ NLD ရုံးအဖွဲ့ဝင် ကိုနေခြည်ဝင်းက ပြောသည်။

အသက် ၇၇ နှစ် ရှိပြီဖြစ်သည့် ဦးဉာဏ်ဝင်းသည် ဇွန်လ ၂၆ရက်နေ့မှ ၂၈ရက်နေ့အထိ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် မော်လမြိုင်မြို့တို့တွင် ပြည်နယ်အစိုးရ၊ NLD ပါတီဝင်များနှင့် လူထုတွေ့ဆုံပွဲ သုံးပွဲပြုလုပ်ရန် ဇွန်လ ၂၅ရက်နေ့က မွန်ပြည်နယ်သို့ သွားရောက်ခဲ့သည်။

ဇွန်လ ၂၆ရက်နေ့တွင် ချောင်းဆုံမြို့နယ်၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီးနောက် နေ့လယ်ထမင်းစားချိန်တွင် ဝမ်းအမည်းများသွားသောကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံတွင် ကနဦးကုသမှု ခံယူခဲ့ရသည်။

“ မော်လမြိုင်ဆေးရုံက အခြေအနေကို ထိန်းသိမ်းပေးလို့ရတယ်။ ဒါပေမဲ့ သူတို့ဆီမှာ မှန်ဘီလူးကြည့်ဖို့ရယ်၊ ပြီးရင် ကုရမယ့် ကုထုံးတွေက မော်လမြိုင်ဆေးရုံမှာ မရှိဘူး။ အဲဒီတော့ သူတို့က စိတ်ချရတဲ့ အခြေအနေ ရောက်အောင်လုပ်ပေးမယ်။ ပြီးရင် မော်လမြိုင်ကနေ ရန်ကုန်ကို ချက်ချင်းပြန်ဖို့ မှာလိုက်တာ။ ရန်ကုန်ဆေးရုံကြီးကို  ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်မှာ ရောက်တယ်” ဟု ကိုနေခြည်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်း၏ အစာအိမ်သွေးကြောများ ပေါက်၊ မပေါက်သိရှိရန် ယနေ့မနက်ပိုင်းတွင် မှန်ဘီလူးထည့်၍ ကြည့်ရှု စစ်ဆေးမည်ဖြစ်သည်။

“အစာအိမ်သွေးကြော ပေါက်တယ်၊ မပေါက်ဘူးဆိုတဲ့ ပြဿနာလေးပဲရှိတယ်။ ကျန်တဲ့ဟာတွေ အကုန်ကောင်းတယ်”ဟု ကို နေခြည်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ် ခံခဲ့ရသူဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်နှင့် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်ပြီး ပါတီ၏ ဥပဒေရေးရာ အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။

Show More

Related Articles

Back to top button