နိုင်ငံတကာသတင်းသတင်း

ဒရုန်းပစ်ချခံရ၍ အီရန်ပစ်မှတ်များကို ချေမှုန်းရန် သမ္မတထရမ့် သဘောတူခဲ့ဟု သတင်းထွက်

အမေရိကန်ဒရုန်းတစ်စီးကို အီရန်က ပစ်ချခဲ့ပြီးနောက် လက်တုံ့ပြန်သည့်အနေနှင့် အီရန်ပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အမေရိကန်စစ်တပ်က ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်သည်ပင် အမေရိကန်ဒရုန်းလေယာဉ် ပစ်ချခံရမှုအတွက် အီရန်ကို လက်တုံ့ပြန်ရန် သဘောတူခွင့်ပြုခဲ့သည်။

သို့သော် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်မည့်ကိစ္စကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။

နယူးယောက်တိုင်းမ်သတင်းစာက အိမ်ဖြူတော်မှ အရာရှိများ၏ ပြောဆိုချက်များကို ကိုးကားဖော်ပြရာတွင် အီရန်၏ ရေဒါနှင့် ဒုံးကျည်ဘက်ထရီစနစ်များအပါအဝင် အခြားပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်မည့်ကိစ္စမှာ သမ္မတထရမ့်က ခွင့်ပြုချက်ရရှိခဲ့သော်လည်း အစောပိုင်းတွင်ပင် ပျက်ပြယ်သွားခဲ့သည်ဟု ဖော်ပြသည်။

အီရန်ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မည့် အစီအစဉ် ရုပ်သိမ်းကြောင်း ညွှန်ကြားချက်ရရှိခဲ့ချိန်တွင် တိုက်လေယာဉ်များမှာ လေထဲသို့ ရောက်ရှိနေနှင့်ပြီဖြစ်သလို စစ်သင်္ဘောများမှာလည်း ပစ်ခတ်ချေမှုန်းရန် အသင့်အနေအထားတွင် ရှိနေခဲ့သည်ဟု နယူးယောက်တိုင်းမ်က အမည်မဖော်လိုသူ အမေရိကန်အစိုးရ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

ဝါရှင်တန်ပို့စ်သတင်းစာ၊ ABC သတင်းဌာန အစရှိသည်တို့ကလည်း အိမ်ဖြူတော်မှ အမည်မဖော်လိုသူ အရာရှိကြီးများနှင့် အခြားသတင်းရင်းမြစ်များကို ကိုးကားဖော်ပြရာတွင် ယင်းကဲ့သို့ပင်ဖြစ်သည်။

အီရန်၏ ပစ်မှတ်များကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့မှုနှင့်ပတ်သက်၍ အိမ်ဖြူတော်က ယခုအချိန်အထိ ထင်မြင်သုံးသပ်ချက် ပေးခြင်းမရှိသေးပေ။

အဆိုပါဖြစ်ရပ်သည် အီရန်အစ္စလာမ္မစ်အစောင့်တပ်(အီရန်စစ်တပ်)က အီရန်လေပိုင်နက်ထဲသို့ ဝင်လာသော မောင်းသူမဲ့ အမေရိကန်ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အီရန်စစ်တပ်က ၎င်းတို့သည် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဖြင့် အဆိုပါဒရုန်းလေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် ဝါရှင်တန်နှင့် တီဟီရန်အကြား ဆက်ဆံရေး တင်းမာနေစဉ် အမေရိကန်ပိုင်ပစ္စည်းတစ်ခုကို အီရန်ဘက်က ပထမဆုံး ပစ်ခတ် တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

အမေရိကန်အရာရှိကြီးများက အမေရိကန်ဒရုန်းလေယာဉ်သည် ပစ်ချခံရချိန်၌ နိုင်ငံတကာလေပိုင်နက်ထဲတွင် ပျံသန်းနေခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ဖော်ပြောကြားသည်။

Credit: Reuters

Show More

Related Articles

Back to top button