အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တညင်းကုန်းဘူတာဈေး ပြောင်းရွှေ့ရန် လက်ခံမည်မဟုတ်ဟု ဈေးသည်များဆို

တညင်းကုန်းဘူတာဈေးကို မနက်ဖြန် (ဇွန် ၂၁ ရက်နေ့)တွင် အပြီးသတ်ပြောင်းရွှေ့ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာထားသော်လည်း ဈေးသည်များက ဖယ်ရှားပေးမည် မဟုတ်ကြောင်း ပြောဆိုသည်။

ဈေးနေရာ ပြောင်းရွှေ့မည်ကို လက်မခံနိုင်သဖြင့် တညင်းကုန်းဈေးသူဈေးသား ၅၀၀ ကျော်က ယနေ့ (ဇွန်လ ၂၀ရက်) နံနက် ၁၀ နာရီခန့်မှစ၍ အောက်မင်္ဂလာဒုံလမ်းမကြီးအတိုင်း အင်းစိန်ခရိုင် စည်ပင်သာယာရေးကော်မတီရုံးအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

မူလဈေးနေရာဟောင်းမှ ဆိုင်းခန်းများကို မနက်ဖြန် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားကာ အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဦးဆောင်၍ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

“ဒီနေရာမှာပဲ အဆင့်မြှင့်ပြီး အစိုးရကို အခွန်အခတွေ ပေးချင်ပါတယ်။ ကျွန်မတို့ကို မနက်ဖြန်မနက် မိုးလင်းတာနဲ့ ကုန်တင်ကုန်ချကားတွေကို လုံးဝ ပေးမဝင်တော့ဘူးလို့ ပြောတယ်၊ ကျွန်မတို့ကလည်း ဒီနေရာကနေ လုံးဝမရွှေ့ဘဲ အသေခံပြီး ဈေးကို ကာကွယ်သွားမှာပါပဲ” ဟု တညင်းကုန်းဈေးတွင် ၁၇ နှစ်ကြာ ရောင်းချနေသည့် ဒေါ်ထွေးက ပြောသည်။

တညင်းကုန်းဘူတာဈေးသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့သည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကား တညင်းကုန်းဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး Myanmar Agro Exchange Public Ltd ကုမ္ပဏီမှ တာဝန်ယူအုပ်ချုပ်မှာဖြစ်ခြင်းကြောင့် မပြောင်းရွှေ့ခြင်းဖြစ်ကြောင်း (ဃ) ဈေးရုံကိုယ်စားလှယ် ဦးချိုက Myanmar Now ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကော်မတီ၏ လက်အောက်မှရောင်းချနေသည့် ဈေး ၁၇၄ ခုရှိပြီး တညင်းကုန်းဘူတာဈေးကိုလည်း အခြားဈေးများနည်းတူ ဖြစ်စေချင်ကြောင်း၊ ကုမ္ပဏီလက်အောက်သို့ မဝင်ချင်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူ ၎င်းက ဆက်ပြောသည်။

တညင်းကုန်းဈေးတွင် တရားဝင်မှတ်ပုံတင်ထားသည့် ဆိုင်ခန်း တစ်ထောင်ကျော်ရှိပြီး ပျံကျဈေးသည် ၁၆၇ ဦး ရောင်းချနေသည်။

ဈေးသူဈေးသားများနှင့် ဆိုင်ခန်းခနှုန်းထားကို အဆင့်ဆင့်ညှိနှိုင်းခဲ့ရာ နောက်ဆုံးညှိနှိုင်းမှုအရ လက်ရှိတွင် Myanmar Agro Exchange Public Ltd ကုမ္ပဏီမှ ၅ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းကို ၁၅၀၀၀ ကျပ်၊ ၅ ပေ ၁၁ ပေ ဆိုင်ခန်းတစ်ခန်းကို ၂ သိန်းကျပ်နှင့် ၅ နှစ်သက်တမ်း သတ်မှတ်ထားခြင်းဖြစ်သည်။

ဈေးသစ်သို့ ပြောင်းရွှေ့ရောင်းချသည်မှာ ဆိုင်ခန်းခဈေးကြီးခြင်း၊ ကုန်တင်ကုန်ချပြုလုပ်ရန် ရထားဂိတ်၊ ကားဂိတ်များမဟုတ်လျှင် အဆင်မပြေခြင်းတို့ကြောင့် မပြောင်းရွှေ့လို၍ ယခုကဲ့သို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဈေးသူဈေးသားများက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ခရိုင်စည်ပင်ရုံးသို့ သတင်းမီဒီယာများက သွားရောက်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button