နိုင်ငံတကာသတင်းသတင်း

၁၉၈၉ တိန့်ယန်မင်ရင်ပြင်ဖြိုခွင်းမှုကြီးက တရုတ်တပ်မတော်အတွက် ကြီးမားသည့်စိတ်အမာရွတ်ဖြစ်စေခဲ့

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၊ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တိန်ယန်မင်ရင်ပြင်တွင် ဒီမိုကရေစီရေးအတွက် ဆန္ဒပြခဲ့ကြသော တရုတ်ပြည်သူများအပေါ် တရုတ်စစ်တပ်က အင်အားသုံးကာ နှိမ်နင်းဖြိုခွင်းခဲ့ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီအာဏာမြဲမြံရေးအတွက် အထောက်အပံ့ဖြစ်စေခဲ့သော်လည်း တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော်(PLA) အတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များ ဖြစ်စေခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာကရေးသားဖော်ပြသည်။

တိန်ယန်မင်ရင်ပြင်ကို တပ်စွဲကာ ဒီမိုကရေစီရေးအတွက် ဆန္ဒပြခဲ့ကြသော တရုတ်ပြည်သူ တစ်သန်းကျော်ခန့်ကို ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးနှိမ်နင်းမှုကြီးတွင်ပါဝင်ခဲ့သော PLA စစ်ဘက်အရာရှိနှစ်ဦးက ၎င်းတို့အနေနှင့် ယင်းဖြစ်ရပ်ကြီးအတွက် ကြီးမားသော ပြစ်မှုကျူးလွန်ခဲ့သလို ခံစားနေခဲ့ရကြောင်း ပြောကြားသည်။

“ကျွန်တော်ယုံကြည် ထားတာရှိတယ်၊ တိန်ယန်မင်ရင်ပြင် ဖြိုခွင်းမှုကြီးဟာ တစ်နေ့နေ့မှာ နောက်ကြောင်းပြန် ပေါ်လာလိမ့်မယ်ဆိုတာပါ။ အဲဒီကိစ္စဟာ အနာဂတ်မှာ သေချာပေါက် ပြန်ပေါ်လာပါလိမ့်မယ်။ အဲဒီလို နှိမ်နင်းဖြိုခွင်းမယ့် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ အဆုံးစွန်အထိ တာဝန်ယူဖြေရှင်းရလိမ့်မယ်” ဟု တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော်(PLA) မှ အငြိမ်းစားသုတေသီတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကို South China Morning Post သတင်းစာသို့ ပြောပြသည်။

ထိုသို့ ဆန္ဒပြအင်အားစုကြီးကို ဖိနှိပ်ဖြိုခွင်းရန် အမိန့်ထုတ်ညွှန်ကြားခြင်းမှာ တရုတ်စစ်တပ်၏ အခြေခံမူဝါဒတစ်ခုသဖွယ် သမိုင်းကြောင်းတစ်လျှောက် ယူဆခဲ့ကြသည်။

သို့သော် တိန်ယန်မင်ကို ဖြိုခွင်းမည့် မစ်ရှင်အကောင်အထည်ဖော်ရန် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ ကွန်မြူနစ်ခေါင်းဆောင်ကြီးလည်းဖြစ်သူ တန့်ရှောင်ဖိန်က ညွှန်ကြားစာရေးကာ အမိန့်ထုတ်ပြန်ခဲ့ခြင်းမျိုးမရှိခဲ့ခြင်းက တရုတ်စစ်တပ်၏ တရားဥပဒေ စောင့်ထိန်းလိုက်နာမှုအပေါ် သံသယဖြစ်စေခဲ့သည်။

ခန့်မှန်းချက်များအရ ၁၉၈၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ညကစတင်ခဲ့သော ယင်းဖြိုခွင်းမှုကြီးတွင် တစ်ညတာတည်း ဆန္ဒပြသူ ၁၀၀၀၀ကျော် သေဆုံးသွားခဲ့သည်။

“လူတစ်ယောက် အသတ်ခံရတာဖြစ်ဖြစ်၊ လူ တစ်သောင်းလောက် အသတ်ခံရတာပဲဖြစ်ဖြစ်၊ အဲဒါဟာ လက်နက်မဲ့နေတဲ့ ပြည်သူ(အရပ်သား)တွေကို ပစ်ခတ်တာပါပဲ။ မှားယွင်းတဲ့လုပ်ရပ်လို့ပဲပြောရမယ်” ဟု တရုတ်ပြည် လွတ်မြောက်ရေးတပ်မတော်၏ နိုင်ငံရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစားအရာရှိတစ်ဦးက ပြောကြားသည်။

“ဒါပေမဲ့ တပ်ဖွဲ့တွေအနေနဲ့ အဲဒီလို ညစ်ပတ်တဲ့အလုပ်ကို လုပ်ကြရတယ်ဆိုတာဟာ ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုဟာ အန္တရာယ်ကျရောက်နေတဲ့အတွက်ပါပဲ” ဟု ၎င်းကဆက်လက်ပြောကြားသည်။

စစ်ဘက်ဆိုင်ရာ အငြိမ်းစားသုတေသီတစ်ဦး၏ အဆိုအရ ယင်းနှိမ်နင်းဖြိုခွင်းမှုကြီးတွင် ပါဝင်ပတ်သက်ခဲ့သော တပ်မှူးများက ဆန္ဒပြသူများကို အင်အားသုံးပြီး နှိမ်နင်းချေမှုန်းရန် အမိန့်ကို စောဒကတက်ခဲ့ကြသည်။ အကြောင်းမှာ ယင်းအမိန့်မှာ နှုတ်အပြောဖြင့်ပေးသည့်အမိန့်သာဖြစ်ပြီး ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ထံမှ စာဖြင့်ရေးသားသည့် ညွှန်ကြားချက်တစ်စုံတစ်ရာကို လုံးဝမမြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

Credit – South China Morning Post

Show More

Related Articles

Back to top button