သတင်း

ဧရာတိုင်းအစိုးရဟောင်းထံမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၅ ဒသမ ၂ ဘီလျံ အကုန်ပြန်ရပြီ

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟောင်းက ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသို့ လွှဲပြောင်းလှူဒါန်းခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလျံကျော်ကို မေလ ၃၁ ရက်နေ့တွင် အကုန်ပြန်လည်ရရှိပြီဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောဆိုသည်။

“ အကုန်ပြန်ရပါပြီ၊ ၃၁ ရက်နေ့ က ပြန်လာပေးသွားတာပါ၊ ပြန်ရတဲ့ငွေကို ဘတ်ဂျက်ထဲ ထည့်ပြီး ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချသွားမှာပါ ” ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက Myanmar Now ကို ပြောသည်။

 ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅ ဒသမ ၂ ဘီလျံကျော် ပြန်လည်ရရှိခြင်းအား သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အသေးစိတ် ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ အစိုးရဟောင်း လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းရှင်များအား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ထည့်ဝင်စေခြင်း၊ ဂီတဖျော်ဖြေပွဲများ ပြုလုပ်၍ ရန်ပုံငွေရှာဖွေခြင်းများ ဆောင်ရွက်ခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ် ဦးသိန်းအောင်၏ တိုင်းအစိုးရအဖွဲ့ ရာထူးမှ ဆင်းခါနီးတွင် ယင်းဖောင်ဒေးရှင်းအား ဖျက်သိမ်း၍ ဧရာဝတီတိုင်းဒေသကြီး ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဟု အမည်ပြောင်းကာ အသစ်ပြန်လည်ဖွဲ့စည်းပြီး ယခင်ဖောင်ဒေးရှင်းအဟောင်းမှ ငွေများကို ဖောင်ဒေးရှင်းအသစ်သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယင်းပညာကျန်းမာဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှာ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်က နာယကအဖြစ် ပါဝင်ပြီး အစိုးရဟောင်းအဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အဆိုပါရန်ပုံငွေများကိစ္စကို ဖျာပုံမြို့နယ် အမှတ် – ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာမင်းသိန်းက ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ မေးမြန်းရာမှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဧရာဝတီတိုင်း ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ယင်းမှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား တာဝန်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏စစ်ဆေးချက်အရ ပြန်လည်တောင်းခံသင့်ကြောင်း နိုင်ငံတော်သမ္မတရုံးထံ အစီရင်ခံတင်ပြခဲ့ရာ သမ္မတရုံးက စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပြန်လည်တောင်းခံ ဆောင်ရွက်သွားရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအနေဖြင့် လွှဲပြောင်းလှူဒါန်းခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅ ဒသမ ၂ ဘီလျံအား နိုင်ငံတော်သမ္မတရုံး လမ်းညွှန်ချက်အတိုင်း ပြန်လည်ပေးသွင်းသွားရေးကိစ္စအား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် အကြောင်းပြန်ကြားရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့က ညွှန်ကြားခဲ့ပြီးနောက် ခုနစ်လအကြာတွင် အကုန်ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button