သတင်း

သမ္မတလွတ်ငြိမ်းသက်သာခွင့်တွင် AAPPက နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသူ ၂၀ လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့ လွတ်မြောက်လာသူ ခြောက်ထောင်ကျော်အနက် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသူ ၂၀ ဦး ပါဝင်ကြောင်း AAPP မှ ကိုကျော်စိုးက ပြောဆိုသည်။

ထို ၂၀ ဦးတွင် တပ်မတော်က တရားလိုပြု တိုင်ကြားခဲ့သူ ၁၄ ဦးနှင့် ရဲက တရားလိုပြု တိုင်ကြားသူ ၂ ဦး၊ အုပ်ချုပ်ရေးမှူးက တရားလိုပြုတိုင်ကြားသူ ၄ဦး  လွတ်မြောက်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

AAPP စာရင်းအရ လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးမှာ တပ်မတော်၏ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ၊ လုံခြုံရေး ဥပဒေတို့ဖြင့် ထောင်ဒဏ် ၄ နှစ်မှ ၁၀ နှစ်အတွင်း အမိန့် ချမှတ်ခံရသူများ ပါဝင်သည်။ မတရားအသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ချမှတ်ခံရသည့် ငှက်အော်စမ်းမှ လူငယ် ၂ ဦးလည်း ပါဝင်သည်။

ယခု လွတ်ငြိမ်းသက်သာခွင့်တွင် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးလေ့လာစောင့် ကြည့်သူများအပါအဝင် လူအများ စိတ်ဝင်စားနေသော ရိုက်တာသတင်းထောက် ၂ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့လည်း လွတ်ငြိမ်းသက်သာခွင့်ရခဲ့သည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မူ ယခုအကြိမ်မှာ ၂၀၁၉ခုနစ် အတွက် နိုင်ငံတော်သမ္မတ၏  နောက်ဆုံးအကြိမ် လွတ်ငြိမ်းခွင့်ပေးခြင်း ဖြစ်ပြီး အသက်ကြီးရင့်သော အကျဉ်းသားများ၊ မူးယစ်ဆေးဝါး သုံးပြားအောက်ဖြင့် ကျခံနေရသူများ အများဆုံး ပါဝင်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအတွက် ရိုက်တာသတင်းထောက် နှစ်ဦးကို လွှတ်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တောင်းဆိုချက်ကြောင့် လက်နက်မှု၊ မတရားအသင်း ဆက်သွယ်မှု စသည့် ပုဒ်မများဖြင့် ကျခံရသူ ၂၃ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ လွတ်မြောက်မည့် စာရင်းတွင် ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့(မတ်လ ၇ရက်) ညနေ ၆နာရီအထိ လွတ်မြောက်လာခြင်း မရှိသလို အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ယင်းသို့ပင် AAPP က နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသော ကလေးစစ်သားဟောင်း အောင်ကိုထွေးမှာလည်း လွတ်ငြိမ်းသက်သာခွင့်တွင် မပါဝင်ခဲ့ပေ။

ယနေ့ အကျဉ်းသားများ လွတ်ငြိမ်းသက်သာခွင့်သည် နိုင်ငံတော်သမ္မတ၏ ၂၀၁၉ ခုနစ်အတွက် တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် အကျဉ်းသားများ လွတ်ငြိမ်းခွင့် ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် ၉၅၀၀ကျော်၊ ဧပြီလ ၂၆ရက်နေ့တွင် ၆၉၀၀ ကျော် လွတ်ငြိမ်းသက်သာခွင့်ပြုပြီးဖြစ်ရာ ရက်ပေါင်း ၂၀အတွင်း အကျဉ်းသားပေါင်း ၂၃၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုပြီး ဖြစ်သည်။

Show More

Related Articles

Back to top button