
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်တွေ စတင်ထမ်းဆောင်တဲ့နေ့မှာ ဝမ်းသာအားရဖြစ်ကြသူတွေ အများအပြားကို တွေ့ရပါတယ်။ အချို့က နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားရှိတဲ့နေရာအထိ အရောက်သွား အားပေးကြချိန်မှာ အများအပြားကတော့ ရုပ်မြင်သံကြားရှေ့သွားထိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ဖို့ ပြင်ဆင်ထားခဲ့ကြတာပါ။
ရန်ကုန်မြို့က ဆိုက်ကားမောင်းသူတချို့ကတော့ သူတို့ဆိုက်ကားမှာ ကြယ်နဲ့ခွပ်ဒေါင်းပုံပါ အနီရောင် NLD အလံတွေ တပ်ဆင်လိုက်ကြပြီး ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့သား ဦးထင်ကျော် သမ္မတအဖြစ် တာဝန်ယူလာခြင်းကို ဂုဏ်ပြုကြပါတယ်။ ဒီမိုကရေစီအင်အားစုထဲကတစ်ယောက် သမ္မတ ဖြစ်လာတာကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဘယ်မြို့၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ စတုဒိသာကျွေး အလှူလုပ်မယ်ဆိုတဲ့ ကြော်ငြာတချို့လည်း အင်တာနက်လူမှုကွန်ရက်ထဲ ရောက်လာတာ တွေ့ရမှာပါ။ Reuters သတင်းတစ်ပုဒ်ကတော့ စောင့်မျှော်နေကြတဲ့ အပြောင်းအလဲနေ့ကို ရောက်လာချိန်မှာ ဝမ်းသာလွန်းလို့ မျက်ရည်လည်တဲ့သူတွေတောင် ရှိတဲ့အကြောင်း ရေးထားပါတယ်။

အစိုးရအဖွဲ့သစ်မှာ တာဝန်ယူမယ့်သူတွေထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေခြင်းကြောင့်လည်း ဒီမိုကရေစီလှုပ်ရှားမှုကိုထောက်ခံသူတွေက ပိုပြီး ဝမ်းသာ အားရ ဖြစ်နေကြပုံ ရပါတယ်။ အစိုးရတာဝန်လွဲှပြောင်းယူမယ့်သူတွေ ကတိသစ္စာပြုရာ ပြည်ထောင်စုလွှတ်တော်ထဲမှာတော့ လက်ခုပ်သံတွေက ခါတိုင်းအစည်းအဝေးတွေထက် ပိုပြီး ညံနေသလိုပါပဲ။
လွှတ်တော်အစည်းအဝေးတက်နေတဲ့ NLD ပါတီကိုယ်စားပြု ဒေါ်နော်လှလှစိုးကတော့ ဒီဖြစ်ထွန်းမှုကို ဝမ်းသာအားရ စောင့်ဆိုင်းခဲ့ရတာ ကြာပြီလို့ ပြောပါတယ်။
“ကျွန်မတို့အားလုံး မတ်တတ်ရပ်ပြီးတော့ လက်ခုပ်တီးတဲ့အချိန်မှာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်” လို့ အမျိုးသားလွှတ်တော်ရဲ့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁ဝ ကနေ ရွေးကောက်ခံရသူ ကရင်တိုင်းရင်းသူ ဒေါ်နော်လှလှစိုးက Myanmar Now ကို ပြောပါတယ်။
အမျိုးသမီးတွေကို နေရာပေးမယ်လို့ မူဝါဒချထားတဲ့ NLD က ရွေးကောက်ပွဲဝင်ရာမှာ အမျိုးသမီးအများအပြားကို စင်တင်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့လိုက်ချိန်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုအဆင့် ကော်မရှင် အဖွဲ့အစည်းတို့မှာ အမျိုးသမီးအင်အားက မများပါဘူး။
ဒေါ်နော်လှလှစိုးကတော့ အချိန်ကာလ အနည်းငယ် စောင့်ဆိုင်းရဦးမယ်လို့ မြင်ပါတယ် တဲ့။
“ဒီတစ်ခေါက်က အရမ်း ထိခိုက်ရှလွယ်တဲ့အချိန်ဖြစ်တယ်။ အဓိက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး၊ မျှတတဲ့ အခြေခံဥပဒေ ပြန်လည်ဖော်ထွန်း ရေးဖြစ်တယ်ဆိုတော့ အဲ့ဒီထဲမှာလဲ အမျိုးသမီး အခွင့်အရေးတွေပါလာမယ်။ သိပ်မကြာပါဘူး။ ဖြစ်လာမှာပါ” လို့ အသက် ၅ဝ အရွယ် ကျောင်းဆရာမဟောင်း၊ အရပ်ဘက်အဖွဲ့အစည်းလှုပ်ရှားသူများထဲမှာ ထင်ရှားသူ ဒေါ်နော်လှလှစိုးက ဆိုပါတယ်။
သမ္မတသစ်ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း ထည့်သွင်း ပြောသွားတာကိုလည်း သူက ကျေနပ်နေပါတယ်။ ပြည်သူတွေအတွက်၊ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့အတွက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေး ဆိုတာ အခြေခံ ဥပဒေပေါ်မှာ အများကြီး မူတည်နေပါတယ်လို့ ဒေါ်နော်လှလှစိုးက ပြောပါတယ်။

ပင်နီရောင်လွှမ်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အမတ်များထဲက တစ်ယောက်ကတော့ ဦးမျိုးဇော်အောင်ပါပဲ။ လူငယ် နိုင်ငံရေးသမား ဦးမျိုးဇော်အောင်ဟာ စစ်အစိုးရအုပ်ချုပ်မှုအောက် ကာလများအတွင်း NLD ပါတီ အခက်အခဲ ကြုံတွေ့ခဲ့ရပုံများကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူပါ။
၂ဝဝ၃ ခုနှစ် စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြို့ပြင်ဘက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံရစဉ်မှာ သူက ယာဉ်တန်းမှာ ပါဝင်သူတစ်ယောက် ဖြစ်ပါတယ်။ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့သော်လည်း ယာဉ်တန်းမှာလိုက်ပါသူတွေထဲက ၄ ဦး အကြမ်းဖက်သမားတွေရဲ့လက်ချက်နဲ့ သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန်ရကြ၊ ဖမ်းဆီးချုပ်နှောင်ခံကြရပါတယ်။ ညဘက်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက် ပိုများနိုင်ခြေရှိတယ်လို့ ယူဆသူမနည်းလှပေမယ့် သေဆုံးသူတွေဟာ ဒေသခံတွေလား၊ အနယ်နယ်အရပ်ရပ်ကနေ ရောက်ရှိလာတဲ့ အကြမ်းဖက်သမားတွေလားဆိုတာကတော့ ဒီကနေ့အထိ လူသိရှင်ကြားဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
အဲဒီအဖြစ်အပျက်ကို ကြုံတွေ့ခဲ့တဲ့ ဦးမျိုးဇော်အောင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မဲဆန္ဒနယ်မှာ နေထိုင်ကြသူတွေ ရွေးကောက်တင်မြှောက်တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေပါပြီ။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီပဲယင်းအကြမ်းဖက်မှုလိုမျိုး အတိတ်က ဖြစ်ရပ်တွေကို ပြည်ဖုံးကားချထားတဲ့ ပါတီက အစိုးရအဖွဲ့ ဖွဲ့နိုင်ပြီ ဆိုပေမယ့် ဒါဟာ ပါတီရဲ့ အောင်ပွဲမဟုတ်ပါဘူးလို့ ဦးမျိုးဇော်အောင်က ဆိုပါတယ်။
“ပြည်သူတွေရဲ့ အောင်ပွဲပါ။ NLD အစိုးရဟာလည်း ပြည်သူတွေရဲ့ အစိုးရပါပဲ။ ပြည်သူတစ်ဦးအနေနဲ့ ကျွန်တေ်ာတို့ အရမ်းဝမ်းသာပါတယ်။ အာဏာဟာ ပြည်သူတွေဆီက တိုက်ရိုက်လာတဲ့စနစ်ကို ကျွန်တော်တို့ ပြည်သူတွေ မခံစားရတာ ကြာပါပြီ။ ကျွန်တော့်တစ်သက်မှာတော့ မကြုံဖူးသေးပါဘူး။ ဒါ့ကြောင့် စိတ်လှုပ်ရှားသလို အရမ်းလည်း မျှော်လင့်မိပါတယ်” လို့ ၃၅ နှစ်အရွယ် ဦးမျိုးဇော်အောင်က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့တာဝန် ကျေပြွန်အောင် ထမ်းဆောင်သွားမယ် လို့ ဆိုပါတယ်။
၁၉၈၈ မှာ အရှိန်အဟုန်ကြီးမားလာတဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ဦးမျိုးဇော်အောင်၊ ဒေါ်နော်လှလှစိုး တို့ရဲ့ NLD နဲ့ တခြား အင်အားစုတွေရဲ့ ဆုံးရှုံးမှု၊ ပေးဆပ်ရမှုတွေကတော့ အများကြီးပါပဲ။
NLD အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုကြပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းကတော့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေထဲက အဆင့်တစ်ဆင့်လို့ ဆိုရပါမယ်။ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အခြေခံဥပဒေ ပြုပြင်ရေး အစရှိတဲ့ ခက်ခဲတဲ့အရေးတွေကို ကျော်ဖြတ်နိုင်ဖို့ ဒီအဆင့်ဟာ အရေးကြီးတဲ့အဆင့်ဖြစ်တာကြောင့် ဒီအချိန်ဟာ အောင်ပွဲခံရမယ့်အချိန်မဟုတ်ဘဲ အလုပ်ပိုကြိုးစားရမယ့်အချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ။