
ဆင်ခေါင်း၊ ရခိုင်ပြည်နယ် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းသည် လက်တစ်ဖက်က ခပ်နွမ်းနွမ်း ပင်နီတိုက်ပုံကို မြဲမြဲဆုပ်လျက်၊ ကျန်လက်တစ်ဖက်က စကားပြောမိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ရှေ့နောက်ယိမ်းထိုးကာ ဆင်ခေါင်းကျေးရွာရှိ ရာဂဏန်းမျှသော ရခိုင်တိုင်းရင်းသားတစ်စုကို မေးခွန်းများ တရစပ် ပစ်ထုတ်လိုက်သည်။
“၂ဝဝ၇ ခုနှစ်တုန်းက ဘုန်းကြီးတွေကို သတ်ဖို့ အမိန့်ပေးတာ ဒေါ်အောင်ဆန်းစုကြည်လား”
“လက်ပံတောင်းတောင်မှာ မနက်စောစော ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ အာရုံဆွမ်းကပ်တာ ဘယ်သူလဲ၊ ဒေါ်အောင်ဆန်းစုကြည်လား” ဟု သူက ပါးစပ်မှ အမြှုပ်ထွက်မတတ် မေးမြန်းလိုက်သည်။
ပရိသတ်က “မဟုတ်ဘူး၊ မဟုတ်ဘူး” ဟု ဆိုကာ လက်ခုပ်လက်ဝါးတီးပြီး သူ၏ မာန်ပါလှသည့် ဟောပြောမႈကို တုံ့ပြန်လိုက်ကြသည်။
ရခိုင်၊ ဗုဒ္ဓဘာသာ ဖြစ်သူ ဦးစိုးဝင်း၏ ထိုဟောပြောပွဲကို ရခိုင်ပြည်နယ်တောင်ဘက်တွင် အကြီးဆုံးမြို့ဖြစ်သည့် သံတွဲမြို့အရှေ့ဘက် တောကြိုအုံကြားရှိ ဆင်ခေါင်းကျေးရွာ၏ ဖုန်ထူသည့် ရွာလမ်းဆုံတစ်ခုတွင် ပြုလုပ်နေခြင်းဖြစ်သည်။
သံဃာတော်များ နှင့် ဗုဒ္ဓသာသနာကို စော်ကားခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်၊ စစ်တပ်၊ လက်ရှိအစိုးရနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင် နေရာယူထားသော ဗိုလ်ချုပ်ကြီးဟောင်းများသာဖြစ်သည်ဟု သူက မဲဆန္ဒရှင်များကို ရှင်းပြနေသည်။
ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးဝါဒကို ၂ဝ၁၅ ရွေးကောက်ပွဲတွင် မည်သို့အသုံးချနေကြောင်း ဦးစိုးဝင်း၏ မဲဆွယ်စည်းရုံးရသည့် အခြေအနေက ဖော်ပြနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီ အနိုင်ရပါက ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ လွှမ်းမိုးမည်ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)မှ ဘုန်းတော်ကြီးများက ပြောကြားနေသည်။
နိုင်ငံမဲ့ ရိုဟင်ဂျာ/ဘင်္ဂါလီမွတ်စလင် တစ်သန်းခန့် နေထိုင်သော ရခိုင်ပြည်နယ်တွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ထိုစွပ်စွဲပြောဆိုချက်များ အထူးပျံ့နှံ့လျက်ရှိသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကျောခိုင်းတာ မြင်စေချင်တဲ့သူတွေက၊ ရွေးကောက်ပွဲမှာ ရှုံးစေချင်တဲ့သူတွေက ဒီလို ကောလာဟလတွေကို ဖြန့်နေတယ်။ ဒါတွေကို မယုံပါနဲ့။ ဒီကောလာဟလတွေကို ယုံမယ်ဆိုရင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာပဲ” ဟု ဦးစိုးဝင်းက ပရိသတ်ကို ပြောနေသည်။
ဟောပြောပွဲ၏ နောက်နားရှိ အုန်းပင်တစ်ပင်အောက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပိုစတာ တစ်ခုရှိနေပြီး၊ ထိုအရာနှင့် ပေအနည်းငယ်အကွာတွင် “မျိုးစောင့်ဥပဒေ ပညာပေးဟောပြောပွဲ” ဟု ရေးသားထားသော မဘသ၏ ပိုစတာတစ်ခု စိုက်ထူထားသည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မတည်ငြိမ်မှု အများဆုံး ဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် NLD သည် အင်အားကောင်းသည့် ရခိုင်အမျိုးပါတီ (ANP) ကို အကြိတ်အနယ် ယှဉ်ပြိုင်နေရသည်။ ရခိုင်တိုင်းရင်းသားတို့၏ လူမျိုးရေးစိတ်ဓာတ်ဖြင့် ထောက်ခံမဲများရရန် မျှော်လင့်ထားသည့် ANP က တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ထိုနေရာအများစုကို အနိုင်ရရန် မျှော်လင့်ထားသည်။