မေးမြန်းခန်းရွေးကောက်ပွဲ

မဲဆွယ်ကာလ ရန်ကုန်မှအသံများ

ထက်ခေါင်လင်း၊  ဖြိုးသီဟချို၊ အိချယ်ရီအောင်တို့ တွေ့ဆုံမေးမြန်းသည်။

မဲကို ဘယ်လိုပေးရမယ်ဆိုတာတော့ အခုချိန်ထိ မသိသေးဘူး။  နေရာတော်တော်များများတွေ့နေရတဲ့ ဒေါင်းနဲ့အလံကိုတော့ မှတ်ထားတယ်။  အဲဒါ ကိုယ်ပေးရမယ့် ပါတီရဲ့ အမှတ်တံဆိပ်ဆိုတာ။  တခြားဘယ်သူတွေဝင်ပြိုင်တယ်ဆိုတာ မှတ်စရာမလိုပါဘူးဗျာ။  အပြောင်းအလဲကို လိုချင်တော့ ကိုယ်ပေးရမယ့်ဟာမှတ်ထား ပြီးတာပဲ။  ဘယ်သူတွေ မဲဆွယ်စကားလာပြောပြော လူမှုရေးအရတော့ ရေလိုက်ငါးလိုက်ပေါ့။
ကိုတိုးအောင် (အငှားယာဉ်မောင်း၊ သင်္ဃန်းကျွန်းမြို့နယ်)
 
ကိုယ့်နာမည် မဲစာရင်းမှာ မပါတော့ မဲသွားမထည့်ရုံပဲပေါ့။  နိုင်ငံရေးကို စိတ်လည်းမဝင်စားဘူး၊ သိလည်းမသိဘူး။  ကိုယ့်စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ ရုန်းကန်နေရတာ။  ဘယ်ပါတီတက်တက် ကိုယ့်အလုပ် ကိုယ်လုပ်နေရဖို့က အရေးကြီးတာပဲ။
ကိုရန်နောင်စိုး (အနှေးယာဉ်မောင်း- သင်္ဃန်းကျွန်း)
 
တခြားဘယ်ပါတီတွေ ဝင်ပြိုင်တယ်ဆိုတာ စိတ်လည်းမဝင်စားဘူး။  သိလည်းမသိချင်ဘူး။  စုံလည်းမစုံစမ်းဘူး။  ကိုယ့်မှာ ဘယ်ပါတီကို  ပေးရမယ်ဆိုတာပဲ သိထားတယ်။    မဲပေးရင် ဘယ်တံဆိပ်ကို ပေးရမယ်ဆိုတာပဲ မှတ်ထားတာ။  ဒါကလည်း အပြောင်းအလဲကို လိုချင်လို့။   အရင်အချိန်က တွေ့ခဲ့ မြင် ခဲ့ရတဲ့ဟာတွေကြောင့် အရင်အစိုးရပါတီကို လုံးဝ မဲပေးဖို့တော့မရှိဘူး။
ကိုကျော်မိုး (ဈေးသည်၊ သင်္ဃန်းကျွန်း)
 
ရွေးကောက်ပွဲလုပ်မယ်ဆိုတာတော့သိပါတယ်။  ဘယ်ရက်လုပ်မလဲဆိုတာတော့ မသိပါဘူး။  မဲထည့်ဖို့စိတ်ဝင်စားပါတယ်။  ကိုယ်လည်းမြန်မာနိုင်ငံသားဆိုတော့ မဲထည့်ချင်တာပေါ့။  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်စုပါတီကို မဲထည့်မှာပါ။ သူများတွေကလည်း ဒီပါတီပဲ မဲထည့်မှာဆိုတော့ ကိုယ်လည်း ဒီပါတီပဲ မဲထည့်ရမှာပေ့ါ။  လူမှုရေး၊ စီးပွားရေး ပြောင်းလဲလာမယ် ထင်လို့အဲပါတီကို မဲထည့်မှာပါ။
ဦးအောင်သန်း   (သန့်ရှင်းရေးအလုပ်သမား၊ မင်္ဂလာတောင်ညွန့်မြို့နယ်)
 
 ကြံ့ခိုင်ရေးပါတီက အစိုးရ (ထပ်)ဖြစ်သွားမယ်ဆိုရင်တော့ တိုင်းပြည်ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ (ပြီးခဲ့တဲ့) ငါးနှစ်တာ ကာလမှာ ပြောင်းလဲတာ ဘာမှ မရှိပါဘူး။  ဖုန်းပေါတာ၊ ကားတွေပေါတာက တိုင်းပြည်ပြောင်းလဲလာတယ်လို့မထင်ပါဘူး။  အိမ်နီးချင်းနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အဲပစ္စည်းတွေကို အသုံးပြုနိုင်တာပါ။  ကားများလွန်းတော့လည်း လမ်းတွေ ပိတ်တယ်။  အစိုးရအနေနဲ့အဲဒီလိုလမ်းတွေ မပိတ်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။  မီးလောင်တယ်ဆိုရင် မီးသတ်ကားသွားလို့မရအောင် လမ်းတွေပိတ်နေတယ်။  နာမကျန်းဖြစ်လို့ဆေးရုံကား သို့မဟုတ် အိမ်ကားနဲ့သွားရင်လည်း လမ်းမှာပိတ်နေတာနဲ့တင် တော်တော်ကြာတယ်။  အင်မတန်ကို ဒုက္ခရောက်တယ်၊ ဒါ မကောင်းပါဘူး။  ၁၉၉ဝ တုန်းက NLD ကို ထည့်ခဲ့ပါတယ်။  ၂ဝ၁ဝ တုန်းကတော့ NLD ဝင်မပြိုင်တော့ မဲသွားမထည့်ပါဘူး။  ၂ဝ၁၂ ကြားဖြတ်တုန်းကတော့ NLD ပဲ ထည့်ပါတယ်။  မဲစာရင်းလည်းသွားကြည့်ပြီးပါပြီ။ မှန်ပါတယ်။  တစ်အိမ်သားလုံးလည်း ပါပါတယ်။   
ဦးလှရွှေ (ဂက်စ်အိုးလုပ်ငန်း လုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)
 
၂ဝ၁ဝ တုန်းက ပြည်ထောင်စုလွှတ်တော်အတွက်  ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ ပါတီကို မဲထည့်ခဲ့ပါတယ်။  အမျိုးသားလွှတ်တော်ကျတော့ အမျိုးသားအင်အားစုပါတီ (NDF) ပါတီကို မဲထည့်ခဲ့ပါတယ်။  တိုင်းဒေသကြီးကျတော့ ဘယ်သူမှ မထည့်ပါဘူး။  ထည့်စရာပါတီက ကိုယ်မကြိုက်တဲ့ ပါတီမို့လို့ပါ။  ၂ဝ၁၂ ကြားဖြတ်တုန်းကတော့ ဒေါ်ဖြူဖြူသင်း – NLD ကို မဲထည့်ခဲ့ပါတယ်။  NLD ပါတီသာ အစိုးရဖွဲ့ခွင့်ရရင်   ကုန်ဈေးနှုန်းကြီး၊ အလုပ်အကိုင်ရှားပါး၊ လူတန်းစားမညီမျှ၊ ဆင်းရဲချမ်းသာမညီမျှတဲ့ ကိစ္စ၊ မြန်မာပြည်မှာ အခုဖြစ်နေတာက လူလတ်တန်းစားတွေ ပျောက်ဆုံးနေတာ၊ အဲကိစ္စလိုမျိုးတွေကိုလည်း ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်။  အများကြီးတော့ မကောင်းနိုင်ပါဘူး။  ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စတွေ အမျိုးသားပညာရေးဥပဒေကိစ္စတွေ အများကြီးဖြေရှင်းရဦးမှာ။
ဦးသိန်းနိုင်ဝင်း (သံတံခါးလုပ်ငန်းလုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)
 
ရခိုင်အမျိုးသားပါတီ၊ ခွပ်ဒေါင်းပါတီ၊ ကြံ့ခိုင်ရေးပါတီတို့ကို သိပါတယ်။  ရွေးကောက်ပွဲမှာက NLD ကို နိုင်စေချင်တယ်။ အပြောင်းအလဲတစ်ရပ်ကို လိုချင်တယ်။ လှိုင်သာယာမှာ ယာယီသန်းခေါင်စာရင်းနဲ့ နေတာပါ။  အဲဒါကြောင့် (မဲပေးခွင့်ရဖို့) သွားလျှောက်ထားပါတယ်။  အိမ်ရှင်ကနေတစ်ဆင့် တိုင်ပေးထားတဲ့ ဧည့်စာရင်းထောက်ခံချက်နဲ့မှ ရပ်ကွက်ရုံးက လုပ်ပေးတာ။
ကိုထွန်းထွန်း (အငှားဆိုင်ကယ်မောင်းသူ၊ လှိုင်သာယာမြို့နယ်)
 
စက်ရုံမှာလုပ်ရတာဆိုတော့ အချိန်မရဘူး။ မဲစာရင်းလည်း မစစ်ရသေးပါဘူး။  ဧရာဝတီတိုင်း မော်ကျွန်းကနေ ပြောင်းလာတာ။ ဒီမှာပေးမရရင်တော့ ဟိုမှာပြန်ပေးရမှာပေါ့။  မဲပေးလို့ ဘာတွေ တစ်ခုခုပြန်ရမယ်ဆိုတာ မမှန်းမိပါဘူး။  ကိုယ့်နိုင်ငံအေးချမ်းဖို့နဲ့ အဆင်ပြေဖို့ဆိုရင် ရပါတယ်။   
မသန်းသန်းမော် (စက်ရုံအလုပ်သမား၊ လှိုင်သာယာ)
 
 ပါတီဘယ်နှခုရှိမှန်းတော့ မသိဘူး။ အခုဆို အသက်၂၃ ပေါ့။ မှတ်ပုံတင်မရှိလို့ ကြုံဖူးတဲ့ ရွေးကောက်ပွဲတွေမှာလည်း မဲမပေးခဲ့ရဘူး။  အခုလည်း မှတ်ပုံတင်မရှိတော့ မဲပေးလို့မရဘူးဖြစ်နေတယ်။
သက်ပိုင် (အနှေးယာဉ်မောင်း၊ လှိုင်သာယာ)

Show More

Related Articles

Back to top button