
ရန်ကုန် – နိုင်ငံရေးလှုပ်ရှားမှုကြောင့် အထိန်းသိမ်းခံရဖူးသည့် ဦးရန်နိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် နေထိုင်စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပါတီဝင်တစ်ဦးဖြစ်သည်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေသခံ မဲဆွယ်ရေးမန်နေဂျာတာဝန်ကို မွတ်စလင်တစ်ဦးဖြစ်သည့် ဦးရန်နိုင် ရရှိသွားသည့်အတွက် လုပ်ဖော်ကိုင်တချို့၏ ငြိငြင်မှု ခံခဲ့ရသည်။
ရှေ့နေတစ်ဦးဖြစ်သူ ဦးရန်နိုင်သည် NLD မှ ထွက်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာဝင်များ ထူထောင်ထားသည့် အမျိုးသားညီညွတ်ရေးကွန်ဂရက်သို့ ရောက်သွားကာ ထိုပါတီမှပင် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ သူကိုယ်တိုင် ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း အရွေးခံရခြင်း မရှိပေ။
မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် ဦးရန်နောင်က အစိုးရ၊ အဖွဲ့အစည်းများ၏ နိုင်ငံတွင်း လူနည်းစုဖြစ်သော မွတ်စလင်တို့အပေါ် သဘောထား၊ အစိုးရသစ်လက်ထက် မွတ်စလင်တို့၏ မျှော်လင့်ချက်တို့နှင့် ပတ်သက်ပြီး ပြောပြထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး – ၂ဝ၁၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ မွတ်စလင် တစ်ဦးမှ မပါတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပြောဆိုဆွေးနွေးမှု အားနည်းသွားမယ်လို့ ယူဆသလား။
ဖြေ – တခြားဘာသာဝင်တွေက အစ္စလာမ်ဘာသာဝင်တွေအတွက် ပြောပေးရမယ့်ကိစ္စမှာ NLD အနေနဲ့ ပြောပေးကောင်း ပြောပေးနိုင်ပေမယ့် ကိုယ့်ဘာသာဝင်လိုတော့ သူ့အနေနဲ့ ခံစားမှုမရှိဘူး၊ တဆင့်ကြားအနေနဲ့ပဲ ပြောလို့ရမယ်။
မေး – ပါတီ အများစုက ရွေးကောက်ပွဲဝင်တဲ့အခါ အစ္စလာမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်အဖြစ် မရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့ရော အစ္စလာမ် အသိုင်းအဝိုင်းမှာ ဘာပြောကြသလဲ။
ဖြေ – တော်တော်များများကတော့ စိတ်မကောင်းကြပါဘူး။ အထူးသဖြင့် NLD ကနေပြီးတော့ အပါမခံခဲ့တာကို စိတ်မကောင်းကြဘူး။ သို့သော် ဒီမိုကရေစီရရှိရေးအတွက် တော်တော်များများကတော့ NLD ကိုပဲ စုပြုံပြီး မဲပေးခဲ့ကြတယ်။ NLD ကိုတော့ အခုထက်ထိ အားကိုးဆဲပဲ။
မေး – ပြီးခဲ့တဲ့နှစ်တွေအတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ အာဏာပိုင်တွေက အမျိုးသားရေးဝါဒီအဖွဲ့တွေကို ထောက်ခံအားပေးတဲ့သဘောမျိုးတွေလည်း တွေ့ခဲ့ရတယ်။ အစိုးရသစ်လက်ထက်မှာရော ဘယ်လိုဖြစ်လာမယ်လို့ ယူဆသလဲ။
ဖြေ – ကိုယ့်ဘာသာ၊ သာသနာကိုစောင့်ရှောက်တာကတော့ အင်မတန်ကို ကောင်းတဲ့အလုပ်ပါ။ အထင်မြင်တွေ လွဲပြီးတော့ ကိုယ့်ဘာသာကို စောင့်ရှောက်နေရင်းနဲ့ တခြားဘာသာကို တိုက်ခိုက်မယ်၊ အထူးသဖြင့် အစ္စလာမ်ကို နှိပ်ကွပ်မယ်ဆိုတာကတော့ နည်းနည်းလွဲနေတယ်လို့ ယူဆတယ်။ သူတို့က မွတ်ဒေါင်းပါတီတို့၊ ကုလားမယားတို့ စွပ်စွဲခဲ့တာလည်း ရှိခဲ့တယ်။ အဲဒီလိုလူတွေနဲ့ NLD နဲ့ကတော့ တော်တော်လေး ညှိယူရမယ်၊ ညှိနှိုင်းကြလိမ့်မယ်လို့မြင်တယ်။ လာမယ့်အစိုးရက တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေရှိလာအောင် ပြဿနာမဖြစ်အောင်လို့ ယုံကြည်မှုတွေ တည်ဆောက်ပေးဖို့လိုမယ်။
မေး – ရွေးကောက်ပွဲ အပြတ်အသတ်နိုင်သွားတဲ့ NLD ပါတီထဲမှာလည်း အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ရင် အမြင်စောင်းနေတဲ့ သူတချို့ရှိ ကောင်းရှိနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ – ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲ မူတည်တယ်။ သူကနေ အဲဒါကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့တော့ လိုတာပေါ့။ ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီတွေက NLD နဲ့ ဆွေးနွေးညှိနှိုင်းဖို့လည်း လိုအပ်မယ်လို့ ထင်တယ်။ NLD ထဲမှာ ကျွန်တော့်အတွေ့အကြုံအရ (၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ) မြောင်းမြမှာတွေ့ခဲ့တာက ဧရာဝတီတိုင်းရဲ့ ပါတီဦးဆောင်သူတွေ သဘောတူညီမှုနဲ့ ပါတီဗဟိုကပါ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ တာဝန် (ကျွန်တော့ကို) ပေးတာကို ကြားထဲမှာ ပါတီတွင်း မလိုသူတချို့က ကန့်ကွက်တာပေါ့။ (ကန့်ကွက်ပြီး) ဆန္ဒတွေဘာတွေ ပြခဲ့တဲ့သူတွေက ကျွန်တော်နဲ့ အင်မတန်ခင်ခဲ့တဲ့သူတွေ၊ အံ့သြဖို့ကောင်းတယ်။ ပါတီထဲ အရေးပါတဲ့နေရာမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ မရှိစေချင်တဲ့ သဘောမျိုးတွေ့ရတယ်။
မေး – အစိုးရသစ်လက်ထက်မှာ ကိုယ့်ရဲ့ နိုင်ငံသားအခွင့်အရေးတွေအတွက် ဘယ်လိုဥပဒေမျိုးတွေ လိုမယ်လို့ မွတ်စလင်တွေက ယူဆလဲ။
ဖြေ – နိုင်ငံသားဥပဒေကိုတော့ ပြန်လည်စဉ်းစားပြီး နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီအောင် လုပ်ဖို့တော့ လိုမယ်လို့ ယူဆတယ်။ မှတ်ပုံတင်ကိစ္စမှာ အစ္စလာမ်ဆိုတာနဲ့ အိန္ဒိယ-ဗမာ၊ ဘင်္ဂါလီ-ဗမာ လုပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနတွေရဲ့ အစီအစဉ်လေးတွေကိုတော့ ညွှန်ကြားချက် တစ်စုံတစ်ရာပေးစေချင်တယ်၊ နိုင်ငံသားတိုင်းအားလုံး တန်းတူညီမျှ ဖြစ်အောင်ပေါ့။ မြန်မာနိုင်ငံမှာ ကုလားစစ်စစ်ကြီးတွေ တစ်ယောက်မှမရှိဘူး။ ကျွန်တော်တို့ဆိုလည်း မျိုးဆက်သုံးခုမြောက်ဖြစ်နေပြီ။ ကျွန်တော့်အဘွားတွေဆိုရင် တကယ့်ကို မြန်မာနိုင်ငံသားတွေ။ အခုက ဘာဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ အဘိုး၊ အဘေတွေလက်ထက်က အင်္ဂလိပ်ရဲ့ ခွဲခြားဆက်ခံခဲ့တဲ့ ဥပဒေတွေကြောင့် ဗမာတွေကို ကျွန်တော်တို့ လူမျိုးတွေက နှိမ်တယ်တို့ဘာတို့နဲ့။ အခု အနှိမ်ခံခဲ့ရတဲ့ ဗမာလူမျိုး အဘွားတွေရဲ့ မြေးဖြစ်တဲ့ ကျွန်တော်တို့ကို ကလဲ့စားချေတာကတော့ မမျှတဘူးလို့ ထင်တယ်။ အခု နိုင်ငံအတွင်း မှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ကုလားကြီးနဲ့ ဗမာအမျိုးသမီးတွေက ဆင်းသက်လာတဲ့ မြေးတွေ၊ မြစ်တွေပဲရှိနေမယ်။ ဒါကို နောက်လာမယ့် အစိုးရဘက်ကို နားလည်မှုရှိအောင် ကျွန်တော်တို့ အစ္စလာမ်အသိုင်းအဝိုင်းတွေဘက်ကလည်း တင်ပြဖို့တော့ လိုမယ်။
မေး – ရွေးကောက်ပွဲ ပြီးချိန်နောက်ပိုင်းမှာတောင်မှ မျိုးချစ်ဝါဒီတချို့က လှုံ့ဆော်တာတွေ၊ ရန်ကုန်မြို့လယ်မှာ ဘာသာရေးအလံလွှင့်တာကို အကြမ်းဖက် ISIS အုပ်စုအလံဆိုပြီး စွပ်စွဲတာတွေ တွေ့ခဲ့ရတယ်။
ဖြေ – အစ္စလာမ် ဘာသာဝင်တွေရဲ့ အိမ်တိုင်းမှာ အလ္လာမှတစ်ပါး ကိုးကွယ်ရာမရှိ၊ တမန်တော် မိုဟာမက်သည် အလ္လာ၏ နောက်ဆုံးတမန်တော်ဖြစ်သည်ဆိုတဲ့ အာရဗီဘာသာစာတန်းကို ကပ်ထားကြတယ်။ ဒါကို ISIS တွေက ယူပြီးတော့ အလွဲသုံးစားလုပ်တာ။ အဲဒီတော့ ဒီစာသားပါတိုင်းက ISIS မဟုတ်ဘူး။ ဒါကို လူအများနားလည်အောင် ရှင်းပြဖို့မှာလည်း ကျွန်တော်တို့ အစ္စလာမ်အသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်။ အရင် အစိုးရတွေလက်ထက်မှာ ကျွန်တော်တို့တွေက ဘာမှပြောရေးဆိုခွင့်မရှိခဲ့ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ၊ အသိုင်းအဝိုင်းတွေက ISIS တွေရဲ့ ဒီလိုလုပ်ရပ်တွေဟာ အစ္စလာမ်အလွဲသုံးစားလုပ်နေပါတယ်လို့ ကြေညာချက်တွေ ထုတ်ပါတယ်။ ကျွန်တော်တို့တွေဟာ ISIS တို့၊ အယ်လ်ခိုင်းဒါးတို့ကို အယုံအကြည်မရှိပါဘူး။ သူတို့ရဲ့သြဇာကိုလည်း ကျွန်တော်တို့က နာခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုက အစ္စလာမ်မှန်သမျှကို အထင်မြင်လွဲပြီး ISIS တွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲနေရင် ကြာလာတော့ ဖိအားလွန်အားကြီးလွန်းလာတဲ့အတွက် အဲဒီဘက်ကို ရောက်သွားမလားတော့ နည်းနည်း စိုးရိမ်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ အစ္စလာမ်တွေဟာ ခံရင်သာခံကြမယ်၊ ဘယ်တော့မှ နိုင်ငံတော်ကို ပုန်ကန်မယ့်စိတ် လုံးဝမရှိကြဘူး၊ ကြောက်တတ်ကြတယ် ဆိုတာတော့ ကျွန်တော် အာမခံနိုင်တယ်။ တမန်တော် မိုဟာမက်က မိမိမွေးရပ်မြေကို ချစ်ခြင်းဟာ အစ္စလာမ်ကို ယုံကြည်ခြင်းရဲ့တစ်ဝက်လို့ ပြောထားတာပဲ။
မေး – အခုလို အမြင်တွေစောင်းနေတာနဲ့ ပတ်သက်ပြီး အစ္စလာမ်အသိုင်းအဝိုင်းဘက်က ကြေညာချက်တွေ ထုတ်တာလောက်၊ ဘာသာပေါင်းစုံတွေ့ဆုံပွဲတွေ လုပ်နေရုံလောက်နဲ့ လုံလောက်ပါ့မလား။ ဘာတွေထပ်လုပ်ဖို့ လိုသလဲ။
ဖြေ – ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွေက နားလည်မှုလွဲနေတဲ့ ပရိသတ်တွေ လာတက်ကြတာမဟုတ်တော့ ဒီလိုလုပ်နေတာက ထဲထဲဝင်ဝင် မဖြစ်သေးဘူး။ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်အောင် အခုချိန်မှာ လုပ်လို့မရသေးပေမယ့် နောက်အစိုးရလက်ထက်မှာ သတင်းစာတို့၊ ရုပ်မြင်သံကြားတို့ကနေ အစ္စလာမ်ရဲ့ အကြောင်းအရာကို တင်ပြတာတို့ လုပ်နိုင်ရင် သိလိုက်၊ မြင်လိုက်ရတဲ့သူတွေက သဘောပေါက်သွားလိမ့်မယ်၊ အထင်မြင်လွဲတာတွေ လျော့သွားမယ်လို့ ထင်တယ်။
မေး – ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ရိုဟင်ဂျာပြက္ခဒိန်ထုတ်တာနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုမှာ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုဆိုတာမျိုးရော ရှိနိုင်သလား။ ဒဏ်ငွေအမိန့်ချပြီးမှ မကြာခင်အချိန်လေးမှာပဲ ပြန်ဖမ်းပြီး ထပ်တရားစွဲတာကို ဘယ်လိုထင်လဲ။
ဖြေ – အဲဒီကိစ္စမှာ ရိုဟင်ဂျာအပေါ်မှာ အာဏာပိုင်တွေ အမြင်စောင်းနေတယ်လို့ ကျွန်တော်ယူဆတယ်။ ဒီပြက္ခဒိန်ကလည်း ရိုဟင်ဂျာပြက္ခဒိန်ဆိုပြီး ထုတ်လိုက်တာကိုး။ တစ်လျှောက်လုံးမှာ အစ္စလာမ်အပေါ်မှာ အစိုးရကိုယ်တိုင်က အထင်မြင်လွဲ၊ အမြင်စောင်းတယ်လို့တော့ ကျွန်တော်ယူဆတယ်။ ဒါကတော့ ဒီအစိုးရမပြောင်းမချင်း ရှိနေဦးမှာပဲ။
မေး – လတ်တလောမှာပဲ ရခိုင်ပြည်နယ်၊ ရမ်းဗြဲက မှတ်ပုံတင်ရပြီးသား အစ္စလာမ်ဘာသာဝင်တွေ ရန်ကုန်ရောက်လာတာကို နေရပ်ပြန်ပို့ဖို့ကိစ္စတွေ ဖြစ်နေတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ – လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောရမယ်။ နိုင်ငံသားအခွင့်အရေးကိုလည်း ချိုးဖောက်လိုက်တာပဲ။ နိုင်ငံသားတစ်ယောက်သည် မြန်မာနိုင်ငံအတွင်းမှာ ဘယ်နေရာပဲဖြစ်ဖြစ် သွားလာခွင့်ရှိမယ်။ ကျွန်တော် မြောင်းမြကနေ ရန်ကုန်ကို ပြောင်းလာတာ ၁ နှစ်ခွဲကျော်ပြီ။ ဒါပေမယ့် ကျွန်တော့်ကို မြောင်းမြကနေ ရန်ကုန်ကို အိမ်ထောင်စုစာရင်းပြောင်းဖို့မှာ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က ပြောင်းရွှေ့ခွင့်မပြုတော့ ဒါတွေက လူ့အခွင့်အရေးကို တော်တော်ကြီး ချိုးဖောက်တာလို့ မြင်တယ်။
မေး – လဝကမှာ ဘာတွေပြောင်းလဲဖို့လိုမယ်လို့ သုံးသပ်မိလဲ။
ဖြေ – တော်တော်များများကို ပြောင်းဖို့လိုတယ်။ လဝကမှာ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုး ပျောက်မှာဆိုတဲ့ ဆောင်ပုဒ်က အစ္စလာမ်တွေကို အထင်မြင်လွဲပြီး လုပ်လာတယ်လို့ ပေါ်လာတယ်။ ဒါတွေက နည်းနည်း အစွန်းရောက်တယ်လို့ ပြောရမယ်။ ဒီဆောင်ပုဒ်က ရန်လိုတဲ့သဘောဖြစ်နေတယ်။ လဝကရဲ့ မညီမျှတဲ့ လုပ်ရပ်တွေကြောင့် မြန်မာစကား လုံးဝ မတတ်တဲ့သူက နိုင်ငံသားလက်မှတ်ရပြီးတော့ မြန်မာစကားကောင်းကောင်းတတ်ပြီး၊ မြန်မာနိုင်ငံမှာ နှစ်များစွာနေလာတဲ့သူက အခုထက်ထိ FRC (နိုင်ငံခြားသားလက်မှတ် ကိုင်ဆောင်သူ) ဖြစ်နေသေးတာ။ အားလုံးကို မျှမျှတတနဲ့ လုပ်ပေးဖို့ နောက်အစိုးရ တော်တော်လေး လုပ်ယူရမယ်လို့ မြင်တယ်။ ဒီလိုလုပ်ဖို့လည်း တိုက်လည်းတိုက်တွန်းတယ်။ ။