
မင်းလှ၊ မကွေးတိုင်းဒေသကြီး – မြန်မာပြည်အလယ်ပိုင်း ရေနံထွက်သည့်နေရာများထဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်လည်း ပါဝင်သည်။
မင်းလှမြို့ဝန်းကျင်ရှိ အရွယ်အစား မျိုးစုံသော ရေနံမှော်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူတို့ကို တွေ့နိုင်ပြီး အများစုမှာ တရားမဝင် လုပ်ကိုင်သူများ ဖြစ်ကြသည်။
အစိုးရသစ်လက်ထက်တွင် ရေနံ တရားမဝင် တူးဖော်နေမှုများကို ပိတ်ပင်လိုက်ပါက ဆူပူအုံကြွမှုများ ဖြစ်လာနိုင်ကြောင်း၊ လုပ်ပိုင်ခွင့်များ ချပေးပြီး အခွန်စည်းကြပ်သင့်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ မင်းလှမြို့နယ်၊ ရေနံမကျေးရွာဒေသ တာဝန်ခံ ဦးဇော်ဆိုင်းကပြောသည်။
ရေနံလုပ်ငန်း လုပ်ကိုင်သူတစ်ဦးလည်းဖြစ်သော ဦးဇော်ဆိုင်းက Myanmar Now သတင်းထောက် အိချယ်ရီအောင်နှင့် မကြာသေးခင်က တွေ့ဆုံစဉ် မင်းလှဒေသ ရေနံတွင်းများ၏ လက်ရှိအခြေအနေနှင့် အနာဂတ်မျှော်မှန်းချက်အကြောင်း ပြောပြထားသည်။
မေး – မင်းလှဒေသ ရေနံတွင်းတွေရဲ့လက်ရှိအခြေအနေကို ပြောပြပေးပါ။
ဖြေ – ရေနံထွက်နှုန်းကျဆင်းလာတယ်။ ကျင်းတစ်ကျင်းရဲ့ ကုန်ကျစရိတ်ကလည်း သိန်း၁ဝဝ ကျော်လောက်ရှိတာဆိုတော့ ၂ဝ၁၅၊ ၆ လပိုင်းကစပြီး ကျင်းအသစ်မတူးနိုင်ကြတော့ပါဘူး။ ကျင်းဟောင်းတွေက ထွက်တဲ့ရေနံကိုပဲ ခပ်စားနေကြတာပါ။၂ဝ၁၅ ဒီဇင်ဘာလကစပြီး ရေနံဈေးကလည်း တဖြည်းဖြည်း ကျဆင်းလာတယ်။
မေး – ရေနံကျင်း တစ်ကျင်းတူးမယ်ဆိုရင် ကုန်ကျစရိတ်ဘယ်လောက်ရှိပါသလဲ။ အရှုံးအမြတ်ကရော ဘယ်လိုလဲ။
ဖြေ – အပြီးအစီး သိန်း ၁၂ဝ လောက် ကုန်ပါတယ်။ အရင်တုန်းကဆို ပေ ၄ဝ လောက် ဆိုရင် ရေနံက ထွက်ပြီ။ အခုဆိုရင် ပေ ၂,ဝဝဝ လောက်တူးတာတောင် ရေနံက မထွက်ချင်ဘူး။ ရေနံထွက်နှုန်းကောင်းတဲ့ အချိန်ရယ်၊ ရေနံဈေးတက်တဲ့ အချိန်ရယ် တိုက်ဆိုင်ရင်တော့ မြတ်ပါတယ်။ ရေနံအထွက်နှုန်းကျတဲ့ အချိန်မှာ ရေနံဈေးကောင်းပေးလည်း အရှုံးနဲ့ပဲ ရင်ဆိုင်ရတာပါပဲ။ အခုနောက်ပိုင်း ရေနံထွက်နှုန်း ကျဆင်းလာတယ်၊ ရေနံတူးလို့မြတ်တယ်ဆိုတာ မရှိတော့ဘူး။ မိသားစု စားဝတ်နေရေး ဖြေရှင်းလို့လောက်ရုံလောက်ပဲ ရတော့တာပါ။
မေး – မှော်တွင်းတွေထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေက ဘာတွေလဲ။
ဖြေ – မှော်တွင်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားဝိုင်းတွေ ရှိတဲ့အတွက် ဒုစရိုက်မှုတွေကတော့ မကြာခဏဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁ လပိုင်းတုန်းက ငနောင်မုန်း ဆိုတဲ့ မှော်မှာ စိတ်ကြွဆေးတွေ ဖမ်းမိပါတယ်။ ဒီနယ်မှာ မူးယစ်ဆေးဝါး ပညာပေးအစီအစဉ်တွေလည်း မလုပ်ပါဘူး။ ဒေသပေါင်းစုံက လူပေါင်းစုံ စုနေတော့ မှော်တွင်းထဲမှာ နေထိုင်သူ အချင်းချင်း မကြာခဏခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်ပါတယ်။ ရေနံမှော် တူးဖော်တဲ့နေရာကိုယ်တိုင်က တရားမဝင်နေရာဆိုတော့ မှော်တွင်းတွေရှိတဲ့ နေရာက တရားဥပဒေစိုးမိုးမှု လုံးဝမရှိတဲ့ နေရာပါပဲ။
မေး – ရေနံတူးဖော်သူတွေက ဘာကြောင့် အစိုးရလုပ်ပိုင်ခွင့်ချထားတဲ့ နေရာမှာ မတူးတာလဲ။
ဖြေ – တိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ တူးချင်ရင် ကုမ္ပဏီကို လျှောက်လွှာတင်ပြီးတူးလို့ပြောတယ်။ တကယ့်တကယ်ကျတော့ ရေနံက လယ်ယာမြေထဲမှာပဲ ထွက်နေတယ်။ မြေလွတ် မြေရိုင်း နေရာမှာ ရေနံက မထွက်ဘူး။ အမှန်တကယ်က ရေနံထွက်ရှိတဲ့နေရာကိုပဲ လုပ်ကိုင်ခွင့် ချပေးသင့်တယ်။ မင်းလှမြို့နယ်ထဲမှာရှိတဲ့ မှော်တွင်းအများစုကတော့ တရားမဝင်ကျင်းတွေ များပါတယ်။ ကုမ္ပဏီတွေရှိပေမဲ့လည်း ကုမ္ပဏီက တူးဖော်တဲ့နေရာကျတော့ ရေနံက မထွက်ပါဘူး၊ ရေနံထွက်တဲ့နေရာတွေမှာ ဆီကန်တည်ပြီး ဝယ်ကြပါတယ်၊ လုပ်ကွက်က တစ်နေရာ၊ ဆီထွက်တာက တစ်နေရာပါ။
မေး – မှော်တစ်ခုမှာ ရေနံကျင်းပေါင်းဘယ်လောက်ရှိမလဲ။ ဒီဒေသမှာ ဘယ်မှော်တွေက အကြီးဆုံးလဲ။
ဖြေ – ဘယ်လောက်ရှိလဲဆိုတာကို အတိအကျ ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျင်းတွေက ရွှေ့ပြောင်းတူးနေတဲ့ အတွက်ကြောင့်ပါ။ တစ်နေရာက ရေနံခန်းခြောက်တာနဲ့ လူတွေက တခြားနေရာကို ရွှေ့ပြောင်းတူးကြတာပါပဲ။ ငနောင်မုန်းမှော်ဆိုရင် ၂ဝဝ၅ ခုနှစ်က စပါတယ်။ ထန်းကိုင်းမှော်၊ ဒဟက်ပင်မှော်တို့က နောက်မှ ပေါ်လာတာပါ၊ အဲဒီ ရေနံကြောကျယ်တဲ့ မှော်ပေါင်း ၂ဝ လောက်မှာ ဒဟတ်ပင်က အကြီးဆုံးပါပဲ။
မေး – ရေနံကျင်းတွေကြောင့် နောက်ပိုင်းမှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်လာမလဲဆိုတာကို သိကြသလား။
ဖြေ – ကျင်းတွေတူးဖို့သစ်ပင်တွေ ခုတ်လှဲရတဲ့ အတွက် တော၊ တောင်တွေ ပြုန်းပါတယ်။ မြေဆီလွှာတွေလည်း ပြုန်းတီးပါတယ်။ ရေနံတူးတဲ့အတွက် ယာခင်းတွေလည်း ပျက်ပြီး ယာမြေလည်း လုပ်စားလို့မရတော့ပါဘူး။ ပျက်စီးသွားတဲ့ မြေဆီလွှာကို ပြန်ပြုပြင်ဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့လည်း ဒီဒေသမှာ လုပ်စားစရာဆိုလို့ဒါပဲရှိတာပါ။
မေး – ဒီလို တရားမဝင် ရေနံတူးဖော်တာတွေနဲ့ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ ဘယ်လိုကိုင်တွယ် ဖြေရှင်းစေချင်လဲ။
ဖြေ – အလုပ်လက်မဲ့ ပြဿနာ မဖြစ်အောင် ရေနံတူးဖော်မှုကို ဆက်လက်ခွင့်ပြုသင့်ပါတယ်။ ရေနံတူးဖော်နေသူအားလုံးက အစိုးရသစ်လက်ထက်မှာ လက်ရှိတူးဖော်နေတဲ့ မှော်တွေကို ဖျက်သိမ်းမလား ဆိုတဲ့ စိုးရိမ်စိတ်တွေရှိကြပါတယ်။ တကယ်လို့ ဖျက်သိမ်းလိုက်မယ်ဆိုရင်တော့ ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ တူးဖော်သူတွေရဲ့ ငွေရေးကြေးရေးတွေလည်း မြှုပ်နှံထားရတာလေ။ ရေနံတွင်းတွေကို မှီခိုစားသောက်နေတဲ့ မိသားစုပေါင်း ၂ သိန်း ဝန်းကျင်လောက်ရှိပါတယ်။ ဒါက ၈၈ အဖွဲ့က ရွေးကောက်ပွဲမတိုင်ခင် ကောက်ယူထားတဲ့ စာရင်းအရ ပြောတာပါ။ ကျွန်တော်တို့မိသားစုကိုယ်တိုင်လည်း ရေနံ တူးဖော်ခြင်းလုပ်ငန်းအပေါ် မှီခိုစားသောက်နေရတာပါ။ ရေနံတူးဖော်သူတစ်ယောက် အနေနဲ့ ဒီလုပ်ငန်းကို တရားဝင် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ လုပ်ကိုင်ချင်ပါတယ်။ ဒါမှလည်း နိုင်ငံတော် ဘဏ္ဍာငွေရရှိမှာပါ။ အခုက ရေနံတူးတဲ့သူကလည်း တရားမဝင်တူး၊ အစိုးရကလည်း ဘဏ္ဍာငွေမရ၊ အဲဒီလိုအခြေအနေဖြစ်နေတာပါ။ အစိုးရအသစ်အနေနဲ့ ရေနံ တူးဖော်သူ အားလုံးကို အခွန်ငွေ တိတိကျကျ ကောက်သင့်ပါတယ်။ ။