
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကူးစက်မြန်ရောဂါပိုးကြောင့် နာမကျန်း၊ သေဆုံးမှုနှုန်း မြင့်မားနေတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံး ရောက်ဖို့ လိုကြောင်း နာဂလူမှုအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ နာယက ဒေါ်ဝေါင်စိန်ရှီးက ပြောပါတယ်။
နာဂတောင်တန်းဒေသ အရေးပေါ်အခြေအနေကို အကူအညီပေးချင်သူတွေ ရှိပေမဲ့ ခွင့်ပြုချက် ရဖို့ အဟန့်အတားတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
Myanmar Now သတင်းထောက် ဖြိုးသီဟချိုနဲ့ အင်္ဂါနေ့က တွေ့ဆုံမေးမြန်းတဲ့အခါမှာ ဒေါ်ဝေါင်စိန်ရှီးက နာဂဒေသ လတ်တလော ဖြစ်စဉ်တွေအကြောင်း ပြောပြထားပါတယ်။
မေး – နာဂဒေသမှာ ကူးစက်ရောဂါ ဘယ်တုန်းက စပြီး ဖြစ်ပွားခဲ့ပါသလဲ။
ဖြေ – ဇွန်လက စဖြစ်တယ်လို့ သိရပါတယ်။ အခြေအနေတွေ ထိန်းမရတော့ဘဲ ပေါက်ကွဲပြီး ဖြစ်လာတာကတော့ ဇူလိုင်လထဲမှာ ဖြစ်ပါတယ်။ ခုဆိုရင် ၄၁ ဦး သေဆုံးတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျေးရွာတွေက လူတွေပြောပြတဲ့ အချက်တွေအရတော့ ၆ဝ ကျော်ပြီလို့ သိရပါတယ်။ ဒါပေမယ့် ဘယ်သူ့ရဲ့ သားသမီးတွေ သေတယ်ဆိုပြီး စာရင်းနဲ့ အတိအကျ ကောက်ယူနိုင်ခြင်း မရှိသေးတဲ့ အတွက်ကြောင့် လက်ရှိအချိန်မှာ ထုတ်ပြန်တာတွေ မလုပ်သေးပါဘူး။
မေး – ဖြစ်ပွားနေတာ ဘာရောဂါလဲခင်ဗျ။
ဖြေ – ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရတော့ ပြင်းထန်တဲ့ ဝက်သက်ရောဂါလို့ သိရပါတယ်၊ သာမန် ဝက်သက်ရောဂါရိုးရိုး မဟုတ်ဘူးလို့ သိရပါတယ်။ အကြောင်းရင်းက ကူးစက်ခံရတဲ့လူတွေက အာဟာရ ချို့တဲ့မှုတွေဖြစ်နေတဲ့ အခါကျတော့ အခြားရောဂါတွေ ကူးစက်ပြီးတော့ အမျိုးမျိုး သေဘေးနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
မေး – နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဘာတွေ ဆောင်ရွက်ပေးတာ တွေ့ရပါသလဲ။
ဖြေ – သူတို့အနေနဲ့ အစိုးရနဲ့ပူးပေါင်းပြီး လုပ်နေတဲ့ဟာတွေကို ထုတ်ပြန်ပေးနေပါတယ်။ (ကျွန်မတို့) အားမလိုအားမရဖြစ်တာတွေ ရှိပါတယ်၊ အရေးပေါ်လိုအပ်တဲ့ အကူအညီ၊ လှူဒါန်းတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လူနာတွေဆီကို အချိန်မီရောက်ဖို့အတွက် အစိုးရဘက်ကနေ အမြန်ဆုံး ကူညီ ဖြေရှင်းပေးစေချင်ပါတယ်။ ကူညီမယ့်လူတွေက အဆင်သင့်ရှိနေပါတယ်။ ကူညီမယ့်သူတွေကို အစိုးရအနေနဲ့ အမြန်ဆုံးခွင့်ပြုပေးဖို့အတွက် လိုအပ်ပါတယ်။ တကယ်ဒုက္ခရောက်နေတဲ့လူတွေ အသက်အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် ဒါတွေကို ချက်ချင်းလုပ်ဆောင်ပေးဖို့ လိုပါတယ်။ သူတို့ဆွေးနွေးနေကြပါတယ်၊ အထောက်အပံ့တွေ စစ်ကိုင်းတိုင်းဒေသကြီးကနေ သိန်းတစ်ထောင်လှူတယ် ဆိုတာမျိုးတွေ၊ တိုင်းဒေသကြီး လွှတ်တော်က နေ့တွက်စရိတ်တွေ လှူတယ်ဆိုတာမျိုးတွေ ဖြစ်လာတာပါ။ လူမှုအဖွဲ့အစည်းတွေ၊ ဆရာဝန်အဖွဲ့တွေ စသဖြင့် ကူညီဖို့အတွက် စောင့်မျှော်နေပါတယ်။
မေး – ကူညီမယ့်လူတွေက အဆင်သင့်ရှိနေပါတယ် ဆိုတာ ဘယ်သူတွေလဲ။
ဖြေ – အဓိကကတော့ အိန္ဒိယဘက်ခြမ်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆရာဝန်အဖွဲ့တွေ ဆေးဝါး အကူအညီတွေပေးဖို့ စောင့်မျှော်နေတယ်လို့ သိရပါတယ်။ သူတို့အနေနဲ့က ဆေးဝါးနဲ့ လူနာတွေကို စောင့်ရှောက်ဖို့အတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။ ကျွန်မတို့ဒေသမှာ ရောဂါဖြစ်ပွားတဲ့သတင်း စထွက်တဲ့ အချိန်ကတည်းက (နယ်စပ်မှာ) သူတို့ရောက်ရှိနေတာလို့ သိထားပါတယ်။ နယ်စည်းမခြား ဆရာဝန်အဖွဲ့တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆရာဝန်ဘယ်နှဦး၊ ဘာဆေးဝါးပစ္စည်းတွေပါတယ် စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဘယ်အကူအညီပဲဖြစ်ဖြစ် အချိန်မီရောက်လာတယ်ဆိုရင်တော့ ထိရောက်မှုပိုရှိတာပေါ့။ ။