အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းရိုးရာအစားအစာ ရန်ကုန်ကို ထိုးဖောက်နိုင်ရန် ပြုပြင်မွမ်းမံမှု လိုအပ်

ရန်ကုန် – နာမည်ကျော် ချင်းတိုင်းရင်းသား ရိုးရာအစားအစာဖြစ်သည့် ဆာဗူသီးကို ရန်ကုန်နှင့် မြို့ကြီးများတွင် ဈေးကွက်ဝင်လူကြိုက်များစေရန်အတွက် ကြော်ငြာခြင်း၊ ချက်ပြုတ် ပြင်ဆင်မှုပုံစံ အနည်းငယ်ပြောင်းလဲခြင်းတို့ လိုအပ်မည်ဟု စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသုံးသူများက ပြောသည်။

ပြောင်းဖူး၊ နွားနောက်သားတို့ကို ဆန်ပြုတ်ပမာ ချက်ပြုတ်ထားသော ဆာဗူသီးကို စားသုံးသူများက စိတ်ဝင်စားမှု နည်းပါးကြသည်ဟု ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းတွင် စားသောက်ဆိုင် ဖွင့်ထားသူ ဦးခင်ဇာစိန်က ပြောသည်။

“ချင်း အစားအစာက ရေလုံပြုတ် အစားအစာတွေ များတဲ့အတွက် မနှစ်သက်ကြဘူးထင်တယ်။ စားကြတဲ့သူတွေက ချင်းနဲ့ ကချင်တွေပဲ လာစားကြတာ” ဟု ရန်ကုန်-ချင်းပြည်နယ် ကားလက်မှတ်နှင့် ရှမ်း၊ ချင်း အစားအစာတို့ကို တွဲဖက်ရောင်းချသည့် ဆိုင်ပိုင်ရှင် ဦးခင်ဇာစိန်က ပြောသည်။

“ဈေးကွက်တစ်ခုရဖို့ တော်တော်လေး ကြိုးစားရဦးမယ်။ ဆာဗူသီးကိုလည်း ဒီထက်အရသာ ပိုကောင်းအောင်လုပ်ပြီး ကြော်ငြာအား ကောင်းကောင်းနဲ့မှ တခြား တိုင်းရင်းသား ရိုးရာ အစားအစာတွေနဲ့အတူ ဈေးကွက် ထိုးဖောက်နိုင်မယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၃၈ လမ်း အောက်ဘလောက်ရှိဆိုင်သည် ရန်ကုန်ရှိ အောင်မြင်သော စားသောက်ဆိုင်များကဲ့သို့ တခမ်းတနား ပြင်ဆင်ထားခြင်း မရှိပေ။

ချင်းအစားအစာ အရောင်းသွက်ရေးမှာ ရန်ကုန်ရှိ ချင်းတိုင်းရင်းသားအရေအတွက်နှင့်လည်း သက်ဆိုင်သည်ဟု ထိုဆိုင်သို့ လာရောက်စားသုံးသူ ကချင် အမျိုးသမီးတစ်ဦးက သုံးသပ်သည်။

“ရန်ကုန်မှာဆိုရင် ကျမတို့ ကချင်ရိုးရာ အစားအစာကို စားဖို့ ကျမတို့ တိုင်းရင်းသားတွေ အပြည့်ပဲ” ဟု ကချင် အမျိုးသမီးက ပြောသည်။

ဆာဗူသီးအပါအဝင် ချင်းရိုးရာအစားအစာတို့ကို ဈေးကွက်ဝင်စေရေးအတွက် ကြိုးပမ်းလျှင် အောင်မြင်နိုင်သည်ဟု သူက ဆိုသည်။

“ရခိုင်ရိုးရာ ဖြစ်တဲ့ မုန့်တီဆိုလည်း ရန်ကုန်က တိုင်းရင်းသားအားလုံး နှစ်သက်စားသုံးကြတယ်။ ရခိုင်မုန့်တီဟာ အသက်မွေးဝမ်းကျောင်းတဲ့ လုပ်ငန်းတစ်ခုအဖြစ် ဘယ်တိုင်းရင်းသားမဆို ရောင်းချလို့ရတယ်။ ဒီလိုပဲ ဆာဗူသီးလို ချင်းရိုးရာ အစားအစာကို စီးပွားရေးတစ်ခုအနေနဲ့ ထိုးဖောက်ရောင်းချနိုင်မယ်ဆိုရင်တော့ မအောင်မြင်စရာမရှိဘူးလို့ ကျွန်မတော့ ယူဆတယ်” ဟု ကချင် အမျိုးသမီးက ပြောသည်။

လှည်းတန်းမီးပွိုင့်အနီးတွင်လည်း ချင်းရိုးရာအစားအစာ သီးသန့််ရောင်းချသည့်ဆိုင်တစ်ဆိုင်ကို လမ်းသွယ်တစ်ခုအတွင်း တွေ့ရသည်။ Chinland Breeze ဟု အမည်ပေးထားသော ထိုဆိုင်၏ပိုင်ရှင် မိုင်ဒေါ့ရင်းက ၎င်းတို့၏ဆိုင်သို့ လာရောက်သူများထဲတွင် ဗမာလူမျိုး နည်းပါးသည်ဟု ဆိုသည်။

“ဆာဗူသီးက တကယ်တော့ ဆီမပါတဲ့အတွက် ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်။ ဆာဗူသီးမှာ အမဲအူတို့လိုဟာတွေပါတော့ ဗမာတွေအတွက်က နည်းနည်း ညှီတယ်လို့ ပြောကြတယ်။

ဒါပေမယ့် လာစားကြပါတယ်။ ရုံးပိတ်ရက်တွေဆိုရင်တော့ တစ်ရက်မှာ အနည်းဆုံး လူ ၅ဝ လောက်အထိ လာစားကြပါတယ်” ဟု ၎င်းက မိုင်ဒေါ့ရင်းက ပြောသည်။

ဗမာအများစုနေထိုင်ရာ ရန်ကုန်တွင် ဆိုင်ဖွင့်ပြီး ၄ လ ကြာသည်အထိ အမြတ်မပေါ်ခဲ့ကြောင်း၊ ဈေးကွက်ထိုးဖောက်နိုင်ရေး၊ အောင်မြင်ရေးအတွက် များစွာ ကြိုးပမ်းရဦးမည်ကို သဘောပေါက်ကြောင်း ယခင်က စားသောက်ဆိုင်လုပ်ငန်း အတွေ့အကြုံ မရှိသူ မိုင်ဒေါ့ရင်းက ရှင်းပြသည်။

ရန်ကုန်မြို့တွင် နေထိုင်နေသူ ချင်းတိုင်းရင်းသား ဆလိုင်းဒေးဗစ် ကီးအွမ်မောင်းက ရန်ကုန်တွင် ရှားပါးသည့် ဆာဗူသီးကို စားသုံးမိတိုင်း ကိုယ့်ဒေသသို့ ပြန်ရောက်သွားသည့် ခံစားချက်များ ပေါ်ပေါက်လာသည်ဟု ဆိုသည်။

ဆာဗူသီး ရန်ကုန်တွင် မအောင်မြင်သေးသော်လည်း ချင်းတောင်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကဲ့သို့သော ဒေသမျိုးတွင် ချင်းအစာအစာ ရောင်းသည့်ဆိုင်တချို့မှာ “လူထိုင်စရာနေရာ မရလောက်အောင်” အားပေးမှုကို ရရှိနေသည်ဟု သူက ရှင်းပြသည်။

တခြားတိုင်းရင်းသားများ ချင်းအစားအစာကို နှစ်သက်လာစေရန် တီထွင်ဖန်တီးမှု များစွာ လိုအပ်နေသည်ဟု ဆလိုင်းဒေးဗစ် ကီးအွမ်မောင်းက ပြောသည်။

နိုင်ငံတကာအတွေ့အကြုံရှိသော၊ ရန်ကုန်မြို့ စားသောက်ဆိုင် အများအပြားနှင့် ထိတွေ့ဖူးသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုမင်းသန့်ဝင်းရွှင်ကလည်း အလားတူ သုံးသပ်သည်။

“ဆာဗူသီးက ဘယ်လိုပုံစံရှိလဲ၊ ရန်ကုန်မြို့ ဘယ်နေရာမှာရောင်းလဲ ဆိုတာ မသိဘူး။ စားသုံးသူတွေသိအောင် ကြော်ငြာဖို့ လိုလိမ့်မယ်” ဟု ရန်ကုန်တွင် နေထိုင်သူ ကိုမင်းသန့်ဝင်းရွှင်က ပြောသည်။

မကြာသေးခင်က ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စားသောက်ဆိုင်များသို့ ရောက်ရှိစဉ် ချင်းရိုးရာအစားစာကို မတွေ့ခဲ့ရဟု သူက ဆက်လက် ပြောကြားသည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် အခြားတိုင်းရင်းသားဒေသ စားသောက်ဖွယ်ရာများ နှင့် ချင်းရိုးရာအစားအစာများကို ပူးတွဲရောင်းချလာပါက စားသုံးသူများ ချင်းအစားအစာကို ထိတွေ့ခွင့်ရမည်ဟု သူက သုံးသပ်သည်။

ဆာဗူသီးမှာ ချင်းပြည်နယ်၊ မြောက်ပိုင်းဒေသ အခေါ်အဝေါ်ဖြစ်ပြီး ချင်းပြည်နယ်၊ တောင်းပိုင်းဒေသတွင် ပြောင်းဖူး၊ နွားနောက်သားတို့သာမကပဲနှင့် အသီးအရွက်တို့ကိုပါ ထည့်သွင်းချက်ပြုတ်ကြကာ အေတွီဟု ခေါ်ဝေါ်ကြသည်။ ။

———————————-
(မိုင်လိန်းဟုန်းလိုင်းသည် Chin World မီဒီယာမှဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် တစ်လကြာ လုပ်ကိုင်စဉ် အထက်ပါသတင်းကို ရေးသားခဲ့ခြင်းဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles