သတင်း

ရှမ်းစာသင်ဆရာထောက်ပံ့ကြေး အပြည့်ရရန် နမ်းခမ်းတွင် ဆန္ဒပြ

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် အစိုးရကျောင်း၌ တိုင်းရင်းသားစာပေသင်ကြားပို့ ချပေးသည့်ဝန်ထမ်းများ၏ ထောက်ပံ့ကြေးကို ပညာရေးမှူးက အပြည့်အဝ ထုတ်ပေးခြင်း မရှိသေးသည့်အတွက် အောက်တိုဘာ ၂၇ ရက်နေ့တွင် ဒေသခံ အများအပြားက ဆန္ဒထုတ်ဖော်ခဲ့သည်။

ယခု ပညာသင်နှစ်အတွက် တိုင်းရင်းသားစာပေသင်ကြားပေးသူ ဝန်ထမ်းများ ထောက်ပံ့ကြေးကို အစိုးရက ၁၄၄ သိန်း ချထားပေးပြီးဖြစ်သည်ဟု သိရကြောင်း၊ မြို့နယ်ပညာရေးမှူးက ၆၄ သိန်းသာ ထုတ်ပေးသည်ဟု သိရကြောင်း မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးဆောင် ဆန္ဒပြသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ရှမ်းစာပေကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နဲ့ ပညာရေးမှူး ဒေါ်နီနီအောင်ဆီကို ၄ ကြိမ်တိုင် ညှိနှိုင်းတယ် အဆင်မပြေဘူး။ ၂ဝ ရက်နေ့ လိုငွေကို ပြန်ပေးမယ်ဆိုပြီး ကတိပျက်ခဲ့လို့ အခုလို ဆန္ဒပြတာဖြစ်တယ်” ဟု ကော်မတီ ဥက္ကဋ္ဌ စိုင်းဟန်နွံက ပြောသည်။

ထောက်ပံ့ကြေး ၈၇ သိန်း ပျောက်ဆုံးနေသည်ဟူသော ဆန္ဒပြသူများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူး၏ မှတ်ချက်၊ တုံ့ပြန်ချက် ရယူရေး ကြိုးပမ်းချက်မှာ ယခု သတင်းရေးပြီးချိန်အထိ မအောင်မြင်သေးပေ။

နမ့်ခမ်း အစိုးရကျောင်းများတွင် တအာင်း(ပလောင်)၊ ကချင်၊ လီဆူ စသည့် တိုင်းရင်းသားစာပေများကိုလည်း သင်ကြားလျက်ရှိသည်။

တအာင်းစာပေယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ တားမြင့်ကျော်က နမ့်ခမ်းရှိ တအာင်းစာပေ သင်ကြားရေးဝန်ထမ်း ၁၄၁ ဦးအတွက် ထောက်ပံ့ကြေး လက်ခံရရှိထားသည်ဟု ပြောသည်။

“တအာင်းစာ သင်ကြားတဲ့ဝန်ထမ်းတွေအနေနဲ့တော့ ထောက်ပံ့ကြေး အပြည့်အစုံ ရပါတယ်၊ မြို့နယ်ပညာရေးမှူးက တအာင်းစာပေကော်မတီကို ထုတ်ပေးတယ်၊ ကော်မတီကနေမှ ဝန်ထမ်းတွေကို ထုတ်ပေးတာဖြစ်တယ်”ဟု ဥက္ကဋ္ဌ တားမြင့်ကျော်က ပြောသည်။

“ရှမ်းစာပေနဲ့ ပညာရေးမှူးတို့ကြားမှာ ထောက်ပံ့ကြေး မပြည့်စုံတာလား၊ ပညာရေးမှူးက မထုတ်ပေးတာလား မသိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားမှု ပပျောက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးစသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

——————–
(မိုင်းအိုက်ယွန်းသည် လားရှိုးအခြေစိုက် မားနဂါးသတင်းဂျာနယ်၏ သတင်းထောက်တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်)

Show More

Related Articles

Back to top button