သတင်း

ရန်ကုန်စက်ရုံများကို လွှတ်တော်ကော်မတီ စစ်ဆေးမည်

ရန်ကုန် – အမျိုးသမီးများ၏ လုပ်ငန်းခွင်နှင့် လုံခြုံရေးအခြေအနေတို့ကို လေ့လာရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးရာကော်မတီက ရန်ကုန်ရှိ အထည်ချုပ်စက်ရုံတချို့ကို စစ်ဆေးမည်ဟု ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဇွန် ၁၅ ရက်နေ့တွင် ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးဖြင့်ဖွဲ့စည်းထားသည့် ကော်မတီက စစ်ဆေးရန် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်များအတွင်းရှိ စက်ရုံ ၂ဝ ကို ရွေးချယ်ထားသည်။

“အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံနေရလား၊ သူတို့အခွင့်အရေးကို အပြည့်အဝမရဘူးလား ဆိုတာကို ကျွန်မတို့ကော်မတီအနေနဲ့ သွားရောက်စစ်ဆေးမှာပါ။ စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သုံးသပ် အစီရင်ခံစာထုတ်သွားမှာပါ” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်သော ActionAid Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သော စက်ရုံတွင်းအခြေအနေများ မှန်ကန်မှု ရှိမရှိ သိလိုသဖြင့် သွားရောက် စစ်ဆေးရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်စန္ဒာမင်းက ပြောသည်။

ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် အလုပ်သမားများ ကျန်းမာရေးအရ ရက်ရှည်ယူပါက အလုပ်မှ အလိုအလျောက် ထွက် (သို့မဟုတ်) အလုပ်ပြန်လျှောက်ရကြောင်း၊ အလုပ်သမားတို့က အခွင့်အရေး တောင်းဆိုကြသော်လည်း အလုပ်ထုတ်ခံရပြီး စားဝတ်နေရေး ထိခိုက်မည်စိုး၍ အများစုက ဆိတ်ဆိတ်နေကြကြောင်း ဖော်ပြထားသည်။

စက်ရုံအများစုတွင် သန့်ရှင်းရေး အားနည်းခြင်း၊ စက်ရုံလုပ်ငန်းများ လိုက်နာ ဆောင်ရွက်နိုင်ရန် လုံလောက်သော ဥပဒေပြဋ္ဌာန်းချက် မရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အာမခံချက်မရှိခြင်းတို့ တွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သုတေသနပြုတွေ့ရှိချက်များမှာ ၂၀၁၅၊ ၂၀၁၆ တွင် အမျိုးသမီးအလုပ်သမား ၁ဝဝ ကို တွေ့ဆုံမေးမြန်းရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ActionAid Myanmar အမျိုးသမီးအခွင့်အရေးဌာနမှ မန်နေဂျာ ဒေါ်လွင်လွင်လှိုင်က ပြောသည်။

“အမျိုးသမီးတွေက မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်နေလို့၊ စီးပွားရေး အဆင်မပြေလို့သာ ဒီလို ခွဲခြား ဆက်ဆံခံနေရထဲကြားထဲက အထည်ချုပ်အလုပ်သမားအဖြစ် ဆက်လုပ်နေတာပါ” ဟု ဒေါ်လွင်လွင်လှိုင်က ပြောသည်။

အလုပ်သမား အခွင့်အရေး

အထည်ချုပ်စက်ရုံတစ်ခုတွင် ၅ နှစ်ကျော် လုပ်ကိုင်လာသည့် ဒေါ်စုစုလှိုင်က စက်ရုံ အတွင်း သန့်ရှင်းသည့် သောက်သုံးရေ မရခြင်း အပါအဝင် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတချို့ ရှိနေသည်ဟု ပြောသည်။

“ဒီလုပ်ငန်းမှာ လုပ်တာကြာပေမယ့် လုပ်သက်ခွင့်တွေ ဘာတွေလည်း တစ်ခါမှ မရဖူးပါဘူး” ဟု ဒေါ်စုစုလှိုင်က ပြောသည်။

Win Apex International Group မှ အမှုဆောင်အရာရှိချုပ် ဦးကျော်ဝင်းထွန်းက ၎င်းတို့စက်ရုံတွင် မီးဖွားခွင့်အပါအဝင် အလုပ်သမားအခွင့်အရေး အပြည့်အဝ ပေးထားကြောင်း၊ အလုပ်ရှင်တို့သည် အလုပ်သမားကောင်းကို လက်လွှတ်ခံလေ့မရှိကြောင်း ပြောသည်။

“တော်တဲ့ အလုပ်သမားတစ်ယောက် အလုပ်မလာနိုင်ရင် အိမ်အထိ လိုက်ခေါ်တာ။ သူ့မိဘက နေမကောင်းလို့ အလုပ် မဆင်းနိုင်ရင်တော့ သူနာပြုဆရာမ ငှားပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ တော်တဲ့သူတစ်ယောက် အလုပ် မလာရင် အလုပ်ရှင်အတွက် အင်မတန်နစ်နာပါတယ်” ဟု ဦးကျော်ဝင်းထွန်းက ဆိုသည်။

အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးဇော်အေးမောင်က လုပ်ငန်းခွင် အဆင်ပြေရေးအတွက် အလုပ်သမားနှင့် အလုပ်ရှင် နှစ်ဖက်စလုံး တိုင်ပင်ညှိနှိုင်းသင့်သည်ဟု ဆိုသည်။

“အလုပ်သမားနဲ့အလုပ်ရှင်ဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။ အလုပ်ရှင်ကလည်း အလုပ်သမားရဲ့ အခွင့်အရေးကို အပြည့်အဝ ပေးသင့်သလို၊ အလုပ်သမားကလည်း ကိုယ့်အလုပ်တာဝန်ကို ကျေကျေပွန်ပွန် လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ကို တာဝန်ယူထားသည့် ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

အလုပ်သမားများအနေဖြင့် ဥပဒေပါ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို သိရှိနားလည်ရေးအတွက် လေ့လာရန်လည်း ဝန်ကြီးက တိုက်တွန်းလိုက်သည်။

အထည်ချုပ်စက်ရုံများကို ရန်ကုန်၊ ဧရာဝတီ၊ ကရင်၊ ပဲခူး၊ မန္တလေး စသည့် ဒေသများတွင် တွေ့နိုင်သည်။

၂ဝဝဝ ပြည့်နှစ်က မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၄ဝဝ ခန့်ရှိပြီး အလုပ်သမားပေါင်း ၃ဝဝ,ဝဝဝ လုပ်ကိုင်လျက်ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ။

Show More

Related Articles

Back to top button