သတင်း

အနံ့ဆိုးဆက်ထွက်မှု ၆ လ သည်းခံရန် ရန်ကုန်အရက်ချက်စက်ရုံများ တောင်းဆို

ရန်ကုန် – ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်အတွင်း အရက်ချက်စက်ရုံများမှ အနံ့ဆိုးနှင့် မီးခိုးပြာ ထွက်ခြင်းကို နောက်ထပ် ၆ လ ဆက်လက်သည်းခံပေးကြရန် စက်ရုံပိုင်ရှင်တို့က ဒေသခံများကို စက်တင်ဘာ ၂ဝ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အနံ့ဆိုးပြဿနာကို ရွှေပြည်သာ ၁ ရပ်ကွက်နေ ပြည်သူတို့ ဆန္ဒပြအပြီး တွေ့ဆုံညှိနှိုင်းစဉ် ယမကာလုပ်ငန်းရှင်တို့က ထိုသို့ မေတ္တာရပ်ခံလိုက်ကြခြင်း ဖြစ်သည်။

စက်ရုံကို နိုင်ငံတကာအဆင့်မီ တည်ဆောက်လျက်ရှိရာ ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း ရွှေအိုးအရက်ချက်စက်ရုံပိုင်ရှင် ဦးတင်ရွှေက ပြောသည်။

“အဲ့ဒီစက်ရုံပြီးတာနဲ့ ကျွန်တော်တို့ဆီက ထွက်တဲ့ရေဆိုးအနံ့တွေ လုံးဝ မဖြစ်စေရတော့ဘူးလို့ ကျွန်တော် အာမခံပါတယ်” ဟု စက်ရုံပိုင်ရှင် ဦးတင်ရွှေက ဆိုသည်။

အရက်အဆီထုတ် လုပ်ငန်း ၅ ခုမှ ထွက်ရှိသောရေကို အဆိုပါစက်ရုံတွင် ပြုပြင်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်မှုအတွက် ကျပ်သိန်းပေါင်း သုံးသောင်းခန့် ကုန်ကြကြောင်း သိရသည်။

အစိုးရက ဒေသခံတို့ကန့်ကွက်ချက်အရ အရက်ထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားထားသဖြင့် လုပ်ငန်း ရပ်နားထားရသည်မှာ တစ်လကျော်ပြီဖြစ်ကြောင်း ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အရက်ချက်စက်ရုံပိုင်ရှင်များက ပြောသည်။

သန့်စင်စက် ဆောက်လုပ်ဆဲကာလအတွင်း လုပ်ငန်းများ ပြန်လည်ပတ်ခွင့်ပြုရန် အာဏာပိုင်တို့ထံ အသနားခံထားကြောင်း စက်ရုံပိုင်ရှင် ဦးတင်ရွှေက ပြောသည်။

“အလုပ်သမားတွေရဲ့ စားဝတ်နေရေးကိုလည်း လုပ်ငန်းရပ်ထားပေမယ့် ဆက်ထောက်ပံ့နေရတယ်။ လုပ်ငန်းသဘောအရလည်း စက်ရုံရပ်ထားတော့ ဝယ်လက်တွေကိုပေးဖို့ ပစ္စည်းကမထွက်၊ မပေးနိုင်တော့ အရင်ခေါက်ပြန်ကြေးနဲ့ပေးထားတာတွေ ပြန်မရနဲ့ ဒီရေဆိုးသန့်စင်စက်ရုံကို ဆောက်ဖို့မှာတောင် ငွေကြေး လည်ပတ်ဖို့ ခက်ခဲလာတယ်။

အလုပ်သမားတွေကလည်း အလုပ်မလုပ်ရတော့ အချိန်ပိုကြေး မရဘူး။ ကျွန်တော်တို့ကလည်း သူတို့ကို အချိန်အကြာကြီး ထောက်ပံ့ပေးနိုင်ဖို့မှာလည်း အခက်အခဲရှိတယ်” ဟု ဦးတင်ရွှေက ဆိုသည်။

ညှိနှိုင်းပွဲသို့ ရောက်လာသည့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးစိုးမိုးကလည်း ဒေသခံတို့အနေဖြင့် အရက်ချက်စက်ရုံများ အပြီးတိုင် ပိတ်သိမ်းရေးကို တောင်းဆိုခြင်း မဟုတ်ကြောင်း၊ အနံ့ဆိုးနှင့်ပြာမှုန်ထွက်ရှိမှု ရပ်ဆိုင်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်မည် ဆိုလျှင်တော့ ကျေနပ်ပါကြောင်း ပြောသည်။

ရွှေပြည်သာ ၁ ရပ်ကွက်မှ ကိုကျော်ခိုင်က အနံ့ဆိုးကို နှစ်ပေါင်းများစွာ ရှူရှိုက်လာရသည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားလာသည်ဟု ယူဆနေသည်။

“မိုးတွင်းကတော်သေးတယ်၊ နွေဆိုရင် အရမ်းကိုအနံ့ဆိုးတာ။ အဲ့ဒီအနံ့ဆိုးတွေအကြောင်း အရင်အစိုးရလက်ထက်ကလည်း အစိုးရဆီကို စာတွေတင်ခဲ့ပေမယ့် ဘာမှမထူးခြားခဲ့ဘူး။ အခုအစိုးရလက်ထက်မှ စက်ရုံကို ရပ်ထားဖို့ဆိုတာ ဖြစ်လာတာ” ဟု ကိုကျော်ခိုင်က ပြောသည်။

Show More

Related Articles

Back to top button