သတင်း

ရေဆိုးသန့်စနစ်တပ်ဆင်ရန် စက်ရုံများ အချိန်ယူရဦးမည်

ရန်ကုန် – အရက်ချက်လုပ်ငန်းများအပါအဝင် စက်ရုံအများအပြားတွင် စွန့်ပစ်ရေဆိုး သန့်စင်ခြင်းစနစ် တပ်ဆင်ရန် ကြန့်ကြာနေခြင်းမှာ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊  မြေနေရာ စသည့် အခက်အခဲများကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းက အောက်တိုဘာ ၉ ရက်နေ့တွင် ပြောသည်။

တစ်နှစ်ခန့် အချိန်ယူ တပ်ဆင်ရမည်ဟု ခန့်မှန်းထားကြောင်း၊ စက်ရုံအရွယ်အစား ကြီးမားလျှင် အချိန် ပိုကြာနိုင်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦးက ရန်ကုန်မြို့  သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကိုယ့်စက်ရုံတွေက ဘယ်လောက်စွန့်ပစ်နေပါပြီ စွန့်ပစ်ရေဆိုးတွေက ဘယ်လိုအရည်အသွေးရှိနေပါပြီ စွန့်ပစ်တဲ့ ရေဆိုးတွေကို သန့်စင်ဖို့အတွက် ဘယ်လိုစနစ်တွေကို သုံးစွဲပါမယ် ဆိုတာကို စက်ရုံတိုင်းက ကြေညာရမယ်။ ကတိကဝတ်ပြုရမယ်။ အချိန်တစ်ခု သတ်မှတ်ရမယ်။ အဲဒီအချိန်ကာလလေး သတ်မှတ်ဖို့ဆိုရင် စက်ရုံတွေကလည်း ကတိတည်ရမယ်။ ကတိမတည်ဘူးဆိုရင် ဥပဒေနဲ့အညီ အရေးယူဖို့ လက်ခံရမယ် ” ဟု ဦးစိန်သောင်းဦးက ပြောသည်။

စက်ရုံစွန့်ပစ်ပစ္စည်းနှင့် ပတ်သက်၍ ၂ဝ၁၅ တွင် ဥပဒေများပြဋ္ဌာန်းခဲ့ကြောင်း၊  ဥပဒေနှင့်ကိုက်ညီခြင်းမရှိသော စက်ရုံများ အထူးသဖြင့် အရက်ချက်စက်ရုံများကို ပိတ်ရန်အတွက် အစိုးရက တွန်းအားပေးလာကြောင်း ဦးစိန်သောင်းဦးက ပြောသည်။

“တကယ်တမ်းပိတ်ရမယ်ဆိုရင် ၉၄ ရာခိုင်နူန်းလောက်က အကုန်ပိတ်ရမှာ။ ဘာလို့လဲဆိုတော့ အားလုံးက ရေဆိုးထုတ်တဲ့ စနစ်မရှိဘူးလေ။ မရှိတော့ အားလုံးလိုလို ပိတ်ရမလို ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စက်ရုံများအနက် အရက်ချက်လုပ်ငန်းတို့သည် ရေဆိုးစွန့်ပစ်သည့်ပမာဏ၊ ညစ်ညမ်းမှုပမာဏ အများဆုံးထဲတွင် ပါဝင်ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်ပတ်နေသော အရက်ချက်စက်ရုံ ၁ဝ ခု  ဝန်းကျင် ရှိသည်ဟု ဦးစိန်သောင်းဦးက ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က  အောက်တိုဘာ ၁၂၊  ၁၃ တို့တွင် ပြုလုပ်မည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ရေဆိုးစွန့်ပစ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ရေဆိုးသန့်စင်ခြင်းစနစ် တပ်ဆင်ကြရေးအတွက် အချိန်ကာလ တစ်ခု သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ပြောဆိုကြမည်ဟု သိရသည်။

ထိုဆွေးနွေးပွဲတွင် အစိုးရဌာန၊ ပြည်တွင်းပြည်ပအဖွဲ့၊ ပညာရှင်၊ လုပ်ငန်းရှင် ကိုယ်စားလှယ်များ တက်ရောက်မည်ဟု သိရသည်။

Show More

Related Articles

Back to top button