
ရန်ကုန် – ရွှေပြည်သာစက်မှုဇုန် အရက်ချက်စက်ရုံများတွင် ပတ်ဝန်းကျင်ပျက်စီးမှု လျော့နည်းပပျောက်ရန် ယာယီဆောင်ရွက်ထားပြီးဖြစ်သောကြောင့် လုပ်ငန်း ပြန်လည် လည်ပတ်ခွင့်ပြုစေလိုကြောင်း စက်ရုံပိုင်ရှင်များက အောက်တိုဘာ ၁၃ တွင် တောင်းဆိုလိုက်သည်။
လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ ယမကာ ဖြန့်ဖြူးထုတ်လုပ်သူများအသင်း ရုံးခန်းတွင် တွင်ပြုလုပ်သော အရက်ချက်စက်ရုံပိုင်ရှင်များ၏ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ဖွဲပြာမကျအောင် အခု စက်ရုံတွေအကုန်လုံး မွမ်းမံပြင်ဆင်မှုတွေ အကုန်လုံး လုပ်ထားပြီးပါပြီ။ အနံ့ မနံအောင်လည်း ကျွန်တော်တို့ ဂရုစိုက်နေပါတယ်။ စက်ရုံသာ လည်ပတ်ရမယ် ဆိုရင်တော့ ရပ်ကွက်က ကျွန်တော်တို့ အပေါ်မှာ ငြိုငြင်စရာမရှိအောင် စက်ရုံတွေဘက်က အကုန်လုံးလုပ်ထားပါတယ် ” ဟု ရွှေအိုး အရက်ချက်စက်ရုံပိုင်ရှင် ဦးတင်စိုးက ပြောသည်။
အရက်ချက်စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုး၊ ပြာမှုန်တို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်သည်ဟု ဆိုကာ ရွှေပြည်သာ ဒေသခံတချို့က စက်တင်ဘာ ၂ဝ တွင် ဆန္ဒပြခဲ့ကြသည်။
ဒေသခံများက တိုင်ကြားပြီးနောက်ပိုင်းတွင် အစိုးရက ညွှန်ကြားသဖြင့် ရွှေပြည်သာ ယမကာစက်ရုံများ ထုတ်လုပ်မှု ရပ်ဆိုင်းထားသည်မှာ နှစ်လ ကျော်ကြာပြီဟု သိရသည်။
စက်ရုံငါးရုံမှ ထွက်ရှိသော ရေဆိုးအတွက် သန့်စင်စက်ရုံ တည်ဆောက်နေသည်မှာ ၆၅ ရာခိုင်နူန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း၊ တည်ဆောက်ချိန် တစ်နှစ်ခန့် တောင်းဆိုထားသော်လည်း သတ်မှတ်ချိန်မတိုင်ခင် ပြီးစီးမည်ဖြစ်ကြောင်း ဦးတင်စိုးက ပြောသည်။
သန့်စင်စက် မပြီးစီးခင် လုပ်ငန်းလည်ပတ်ခွင့်ပြုရေး တောင်းဆိုရခြင်းမှာ စက်ရုံအလုပ်သမား ၂,ဝဝဝ ကျော်ကို လုပ်ခလစာ ဆက်လက် ထောက်ပံ့နေရသဖြင့် ငွေကြေး အခက်အခဲ ရှိလာသောကြောင့် ဖြစ်ကြောင်း အရက်ချက်လုပ်ငန်းရှင်များက ပြောသည်။
“ခွင့်ပြုချက်ကတော့ ကျွန်တော်တို့ လောလောဆယ် နိုင်ငံတော်ကို တင်ပြထားတာရှိပါတယ်။ ကျွန်တော်တို့ အဲဒါကိုပဲ စောင့်မျှော်နေတယ် ” ဟု ဦးတင်စိုးက ပြောသည်။