သတင်း

ကြက်ခြေနီစက်လှေကို ဟန့်တားမှုအပြီး ၉ ဦးကို ဖမ်းဆီးထား

ရန်ကုန် – ကမ္ဘာ့ကြက်ခြေနီအဖွဲ့၏ ထောက်ပံ့ရေးပစ္စည်းတင်စက်လှေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာ ၂ဝ ညပိုင်းက ဆိုက်ကပ်ထားစဉ် လူစုလူဝေးဖြင့် ဟန့်တားသူများထဲတွင် ပါဝင်သည်ဟု ယူဆရသူ အမျိုးသား ၉ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း စစ်တွေနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်မိုးက ပြောသည်။

“ဖြစ်ပွားတဲ့နေရာအနီးအနားကပဲ ဖမ်းမိတာပါ။ ဖမ်းမိတဲ့နေရာတွေလည်း မတူဘူး။ အများစုက ပျံကျ အလုပ်သမားတွေပေါ့။ ရေလုပ်သားတွေလည်း ပါတယ်” ဟု ရဲအုပ်ကျော်မိုးက ပြောသည်။

၎င်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၄၊ ၁၄၄၊ ၁၄၅၊ ၄၃၈၊ ၄၄ဝ၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲအုပ်က ပြောသည်။

စက်လှေတွင် ဆိုလာမီးအိမ်၊ အမျိုးသမီးသုံးသန့်ရှင်းရေးပစ္စည်း၊ အဝတ်အစား၊ စောင်၊ တာပေါ်လင်စ၊ ရေပုံး၊ ခြင်ထောင်၊ မီးဖိုဆောင်သုံးပစ္စည်းများ ပါဝင်ကြောင်း၊ “လူအင်အား ၅ဝ ခန့်က ပစ္စည်းများကို ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တားခဲ့ကြောင်း” အစိုးရက ညတွင်းချင်း သတင်းထုတ်ပြန်ခဲ့သည်။

(ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာ)

စက်လှေကို လာရောက်ကြည့်ရှုသူ အင်အား ၃ဝဝ ခန့် စုစည်းမိချိန်တွင် လူအုပ်ထဲမှ ခဲ၊ မီးရှို့ထားသည့် ဓာတ်ဆီပုလင်း၊ ဂျင်ဂလိတို့နှင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်ဟု ဆိုသည်။

ဟန့်တားခံရသဖြင့် ကူညီရေးလုပ်ငန်းကို ပြန်လည်သုံးသပ်ဆွေးနွေးနေသော်လည်း မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို တိတိကျကျ မဆုံးဖြတ်ရသေးကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ ရန်ကုန်ရုံးမှ အရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ကြက်ခြေနီရဲ့လုပ်ငန်းဆောင်တာတွေ၊ လှုပ်ရှားဆောင်ရွက်မှု အဲဒီအပိုင်းတွေအပေါ်မှာ သေသေချာချာ ထဲထဲဝင်ဝင်မသိတဲ့ အတွက်လည်း ဒါမျိုးဖြစ်သွားရတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်” ဟု ပြန်ကြားဆက်သွယ်ရေး ဒုတိယ ညှိနှိုင်းရေးမှူး ဦးမိုးမြင့်အောင်က ပြောသည်။

စစ်တွေတွင် ICRC ရုံးခွဲရှိကြောင်း၊ ဒေသအာဏာပိုင်တို့နှင့် ညှိနႈိင်းပြီး ပဋိပက္ခ ဒေသ ကူညီရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

(ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာ)

စက်တင်ဘာ ၁၆ တားဆီးမှု

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကားတစ်စီးကိုလည်း စစ်တွေဒေသခံတချို့က စက်တင်ဘာ ၁၆ တွင် တားဆီးခဲ့ဖူးသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူမှုရေးလုပ်ငန်းများကို အာဏာပိုင်အဖွဲ့တို့နှင့် ပူးပေါင်းပြီး ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေကြောင်း နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ICRC သည် ၂ဝ၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်အစိုးရ၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဒေသတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button