Michelle Zilio/The Globe and Mail
ရိုဟင်ဂျာမွတ်စလင်များအား လူမျိုးသန့်စင်ဖယ်ရှားမှု ဆောင်ရွက်ရာတွင်ပါဝင်နေသည့် မြန်မာ့တပ်မတော်မှ အကြီးအကဲများကို ဖိအားများ ပေးနိုင်ရေးအတွက် ကနေဒါနှင့် အမေရိကန်အစိုးရတို့ ဆွေးနွေးလျက်ရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် အဆိုပါပြဿနာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၄၈ဝ,ဝဝဝ ရှိသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
တနင်္လာညတွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ်စတီးယားဖရီးလန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နှင့် ဆွေးနွေးရာတွင် မြန်မာစစ်တပ်အကြီးအကဲများအား ဖိအားပေးရေး ပြောဆိုခဲ့သည်ဟု ဆိုသည်။ ကနေဒါလွှတ်တော်အတွင်း ရိုဟင်ဂျာအရေးအတွက် အရေးပေါ် ဆွေးနွေးပွဲတွင်လည်း သူက မြန်မာစစ်တပ်အား အရေးယူနိုင်ရေး ပြောဆိုခဲ့သည်။
“လူမျိုးရေးသန့်စင်ရှင်းလင်းမှုမှာ မြန်မာစစ်တပ်နဲ့ သက်ဆိုင်နေတယ်လို့ ကမ္ဘာကြီးက သတိပြုမိတယ် ဆိုတာကို မြန်မာစစ်တပ် သိထားစေချင်တယ်။ ကျွန်မတို့အနေနဲ့ ဒီလုပ်ရပ်ကို ထောက်ခံသွားမှာ မဟုတ်ပါဘူး” ဟု ဖရီးလန်းက ကနေဒါလွှတ်တော်သို့ ပြောကြားခဲ့သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့အစည်းပုံအခြေခံဥပဒေတွင် စစ်တပ်က လုပ်ပိုင်ခွင့်များကို ချုပ်ကိုင်ထားသောကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံခြုံရေးကိစ္စရပ်များတွင် ညွှန်ကြားပိုင်ခွင့်မရှိပေ။ သို့သော် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် ဂုဏ်ထူးဆောင်နိုင်ငံသားတစ်ဦးအဖြစ် ချီးမြှင့်ခံထားရသည့် သူ့အနေဖြင့် ရိုဟင်ဂျာပြဿနာတွင် နိုင်ငံတကာ၏ ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
စက်တင်ဘာ ၁၈ ရက်နေ့က ဝန်ကြီးချုပ် ဂျက်စတင် ထရူဒေါ၏ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးစာတွင် ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ဦးစလုံးအပေါ်တွင် တာဝန်ရှိကြောင်း ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် ရွာသားအများအပြား အသတ်ခံရမှု၊ မီးရှို့ဖျက်ဆီးမှု စသည့် ရက်စက်သည့် လုပ်ရပ်များ ကျူးလွန်နေကြောင်း Human Rights Watch အဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်များကြောင့် လူပေါင်း ၄၈ဝ,ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကြေညာထားသော်လည်း မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူက ယင်းအဆိုကို အတည်ပြုနိုင်မည့် အထောက်အထား မရှိကြောင်း ပြောကြားသည်။
လူမျိုးသန့်စင်ရှင်းလင်းမှုများ ရပ်တန့်ရန်၊ လူနည်းစု အုပ်စုသို့ ကူညီပံ့ပိုးမှုများ ပေးနိုင်ရန်၊ ရိုဟင်ဂျာများ ရခိုင်ပြည်နယ်သို့ ပြန်ပြီး နှိပ်စက်ညှဉ်းပန်းခံရမှု မရှိစေရန် စသည့် ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ လုပ်ဆောင်မည့် ရည်မှန်းချက် ၃ ခုကို နိုင်ငံတကာ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ဖရီးလန်းက ပြောကြားသည်။
ရိုဟင်ဂျာအရေးကို ကနေဒါဝန်ကြီးချုပ် ထရူဒေါနှင့် အဖွဲ့သည် ကုလသမဂ္ဂ၏ သီးခြားအစည်းအဝေးများတွင် ဆွေးနွေးခဲ့သော်လည်း ညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ကနေဒါ ကွန်ဆာဗေးတစ်လွှတ်တော်အမတ် ဂါးနက်ဂျင်းနစ်က ဝန်ကြီးချုပ်အနေဖြင့် ကုလသမဂ္ဂသို့ ပြောကြားသည့် မိန့်ခွန်းတွင် ရိုဟင်ဂျာအရေး ထည့်သွင်းသင့်ကြောင်း ပြောကြားသည်။
ရိုဟင်ဂျာပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပြောကြားသည့် ပထမဆုံးမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားထားသည်။ အနောက်နိုင်ငံသံတမန်အသိုင်းအဝိုင်းနှင့် အကူအညီပေးရေးအဖွဲ့အစည်းများက အဆိုပါ ပြောဆိုမှုကို ကြိုဆိုခဲ့ကြသော်လည်း ၎င်းအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မႈများအပေါ် လုံလောက်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်နိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရသည့် NDP ပါတီလွှတ်တော်အမတ် ဒေးဗစ်ခရစ်စတိုဖာဆန်က မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်သည် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် စစ်တပ်အပေါ် အမိန့်ပေးပိုင်ခွင့်မရှိကြောင်း ကနေဒါလွှတ်တော်သို့ ပြောကြားခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခက်အခဲတွေနဲ့ ရိုဟင်ဂျာပြဿနာအပေါ် သူ အရမ်းစိတ်မကောင်းဖြစ်နေတာကို နားလည်တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်တပ်အပေါ် အရေးယူမှုတွေလုပ်ဆောင်ဖို့ လိုမယ်ဆိုတာ နားလည်အောင် လုပ်ဆောင်သွားမှာပါ” ဟု ခရစ်စတိုဖာဆန်က ပြောကြားသည်။