သတင်း

လူငယ်များကို မြေတောင်မြှောက်ပေးရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ရန်ကုန် – လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း၊ အရည်အသွေးမြင့် ပညာရေးတို့ကို မှန်ကန်စွာ ဖန်တီးပေးခြင်းသည် အကျိုးများမည့် ရင်းနှီးမြှုပ်နှံမှုဖြစ်လိမ့်မည်ဟု မြန်မာနိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်က နိုဝင်ဘာ ၂၉ ရက်နေ့တွင် မိန့်ကြားလိုက်သည်။

ထိုသို့ ရင်းနှီးမြှုပ်နှံခြင်းသည် သားစဉ်မြေးဆက်များအကြား တရားမျှတမှုအတွက် အရေးပေါ် လိုအပ်ချက်ဖြစ်နေသည်ဟု ပုပ်ရဟန်းမင်းကြီးက နေပြည်တော်တွင် အစိုးရခေါင်းဆောင်များ၊ သံတမန်များ တက်ရောက်သောအခမ်းအနားတွင် ထိုသို့ မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

“လူငယ်များအား လေ့ကျင့်ပျိုးထောင်ရာတွင် နည်းပညာ နယ်ပယ်များဆိုင်ရာ အတတ်ပညာများသာမက ဖြောင့်မတ် ရိုးသားခြင်း၊ သိက္ခာသမာဓိရှိခြင်းနှင့် လူသားချင်းစာနာစိတ်ထားရှိခြင်း စသည့် နီတိတန်ဖိုးများကိုလည်း သင်ကြားပေးရန် လိုအပ်ပါသည်။ ထိုနီတိတန်ဖိုးများသည် ဒီမိုကရေစီစနစ်အား ခိုင်မာစေခြင်းနှင့် လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းတွင် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှင်သန်တိုးပွားစေပါသည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်သည်။

လောဘ၊ အတ္တတို့ဖြင့် ဖျက်ဆီးခြင်းကင်းသော ဘဘာဝပတ်ဝန်းကျင်ကို မျိုးဆက်သစ်များအတွက် အမွေပေးရန်လည်း ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်သည်။

“လူငယ်များ ထံမှ မျှော်လင့်ခြင်းကို လုယူဖျက်ဆီးခြင်းမပြုရန်၊ နိုင်ငံတော်နှင့် လူသားမျိုးနွယ် တစ်ခုလုံး၏ အနာဂတ်ကို ပုံသွင်းပေးမည့် သူတို့၏ စိတ်ကူးအိပ်မက်များနှင့် အရည် အချင်းများအား လက်တွေ့အကောင် ထည်ဖော်ခြင်းကို မဟန့်တားရန် အရေးကြီးပါသည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်သည်။

ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် နိုင်ငံအနောက်ဘက်ဒေသ ပဋိပက္ခကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး နိုင်ငံတကာက မြန်မာအစိုးရကို  အပြင်းအထန် ပြစ်တင်ဝေဖန်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ပုပ်ရဟန်းမင်းကြီးမိန့်ခွန်းပြောသည့် အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုခွင့်ရသဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည် ဟု  ပြောကြားခဲ့သည်။

“ယနေ့ မိမိတို့နဲ့ အတူရှိနေပေးတဲ့ အတွက်လည်း ပုပ်ရဟန်းမင်းကြီးအား ကျေးဇူးတင်ရှိကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံနှင့် ဗာတီကန်တို့ သံတမန်ဆက်သွယ်မှု ၆  လ ကြာမြင့်ချိန်တွင် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ ကြွရောက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကက်သလစ်ဘာသာဝင် ၇ဝဝ,ဝဝဝ ခန့် ရှိရာ ၄ ရက်ကြာ အလည်အပတ်ရောက်နေသည့် ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနှုတ်ဆက် ဖူးတွေ့ခွင့်ရရန် နိုင်ငံအနှံ့အပြားမှ ကက်သလစ်ဘာသာဝင်အများအပြား ရန်ကုန်မြို့သို့ စုဝေးရောက်ရှိနေကြသည်။

နိုဝင်ဘာ ၂၉ နံနက်ပိုင်းတွင် ပုပ်ရဟန်းမင်းကြီးက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် လူထုပရိသတ်နှင့်အတူ မစ္ဆားတရားတော်မြတ် ပူဇော်ရာ တက်ရောက်လာသော ပရိသတ် တစ်သိန်းကျော်ခန့်က ပုပ်ရဟန်းမင်းကြီး၏ တရားဒေသနာတော်ကို ကြားနာခဲ့ကြသည်။

ညပိုင်းတွင် ပုပ်ရဟန်းမင်း ဖရန်စစ်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်မြို့ရှိ သက်တမ်းရင့် စိန်မေရီကာသီဒြယ်ဘုရားကျောင်းတွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများနှင့် တွေ့ဆုံကာ သြဝါဒစကား မြွက်ကြားမည်ဟု သိရသည်။

နိုဝင်ဘာ ၃ဝ တွင် မြန်မာပြည်ကက်သလစ်လူငယ်များနှင့်အတူ စိန်မေရီကာသီဒြယ်တွင် မစ္ဆာတရားပူဇော်မည်၊ ပုပ်ရဟန်းမင်းကြီး၏ တရားဒေသနာတော်ကို ထပ်မံ ကြားနာခွင့်ရမည်၊  မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် ခရီးဆက်မည်ဖြစ်သည်။

၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီးသည် စပိန်ဘာသာစကား အသုံးများသော အာဂျင်တီးနားနိုင်ငံဇာတိဖြစ်ပြီး လွန်ခဲ့သော ၄ နှစ် အသက်  ၇၆ နှစ် အရွယ်တွင် ပုပ်ရဟန်းမင်းကြီး ဖြစ်လာကာ အီတလီနိုင်ငံ ရောမမြို့တော်အနီး တည်ရှိသော ဗာတီကန်မြို့ပြနိုင်ငံတွင် သီတင်းသုံးလျက်ရှိသည်။

Show More

Related Articles

Back to top button