သတင်း

မန္တလေး အစိုးရအဖွဲ့ရုံးအနီး ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးနှင့် မလှမ်းမကမ်းရှိ အောင်မြေသာစံမြို့နယ် အမှတ် (၃) ရဲစခန်းအနီးတွင် ယနေ့ (မတ် ၂၄) နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မြို့ခံ ငါးဦးထံမှ စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုမှာ မြို့လယ် မဟာဇေယျဘုံရပ်ကွက်ရှိ ၆၅ လမ်း၊ ၂၅x၂၆ လမ်းပေါ်တွင် ဖြစ်ခဲ့သည်။ ထိုနေရာနှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးသည် ခြေလျင်ဖြင့် ငါးမိနစ်ခရီးသာ ရှိသည်။ ပေါက်ကွဲမှုမှာ မည်သည့်ပစ်မှတ်ကို ဦးတည်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

ထိုနေရာအနီး ဖြတ်သန်းသွားသည့် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်၊ ရဲစခန်းအနီး မိုင်းတွေ့၍ စစ်တပ်က ဖောက်ခွဲလိုက်သည်၊ ပေါက်ကွဲသံ လေးကြိမ်ကြားရသည်ဟုလည်း မြို့ခံများက ဆိုသည်။

“အဲဒီနေရာကို သွားကြည့်တော့ စစ်သားနဲ့ ရဲ အင်အား ၂၀ လောက် ပိတ်စစ်နေတယ်။ ခါတိုင်း ဆိုင်ကယ်ဖမ်းသလို စစ်တာ မဟုတ်ဘူး(လူနှင့် ယာဉ်ကို အသေးစိတ်ရှာဖွေ)။ .. စစ်ကားနဲ့ ပိတ်ရပ်ပြီး စစ်နေတာ။ အခုထိ ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြောသည်။

ဖြစ်စဉ်အတွင်း ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီသတင်းများကို ဖြန့်ချိနေသည့် လူမှုကွန်ရက်စာမျက်နှာများတွင်မူ ရဲစခန်းအနီး ဗုံးတွေ့၍ စစ်တပ်က ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ရေးသားထားသည်။

စာပေ၊ ဂီတ၊ အနုသုခုမတို့ဖြင့် ကျော်ကြားသည့် နိုင်ငံအလယ်ပိုင်း ယဉ်ကျေးမှုမြို့တော် မန္တလေးသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်ဆန္ဒပြခဲ့သည့် မြို့ဖြစ်သည်။ ထို့အတူ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည့် ဒေသများထဲတွင် မန္တလေးလည်း ပါဝင်သည်။

စစ်ကောင်စီ သတင်းပေးများ၊ စစ်တပ်နှင့် ဆက်နွှယ်သူများကို မန္တလေးမြို့ပေါ်တွင် ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်နေသည်။ မတ် ၂၂ ရက် တစ်နေ့တည်းတွင်ပင် မန္တလေးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့တစ်ခုက တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ရဲတစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ဆက်စပ်သူ၊ ၎င်းတို့ကို ဆန့်ကျင်သူဆိုလျှင် သံဃာပါမချန် ဖမ်းဆီး၊ သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဦးဆောင်ဆရာတော်ဖြစ်သည့် မန္တလေးမြို့ ပြည်ကြီးတံခွန်ဆရာတော် သက်တော် ၃၅ နှစ်အရွယ် ဦးအဂ္ဂဝံသကို မတ် ၅ ရက်တွင် စစ်ကောင်စီ ဖမ်းသွားပြီးနောက် သတင်းအစနပျောက်နေသည်။

စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် မန္တလေးမြို့တွင် ၂၀၂၂ စက်တင်ဘာမှ ဒီဇင်ဘာအထိ လေးလအတွင်း၌ပင် သံဃာတော်၊ ဆရာဝန်၊ ရှေ့နေ၊ ပြောက်ကျားတပ်ဖွဲ့ဝင်၊ ဆန္ဒပြသူ စုစုပေါင်း ၁၀၀ နီးပါး ဖမ်းခံခဲ့ရသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button