မေးမြန်းခန်း

“စစ်ကောင်စီထောင်ချောက်ထဲ မကျဖို့ အရေးကြီးတယ်” – အင်တာဗျူး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ ကြားကာလ ပညာသင်ကြားရေးကျောင်းများဖြစ်သော (Free Online Education Institution Myanmar – FOEIM) နှင့် Kaung for you (K4U) တို့ အချက်အလက်ပေါက်ကြားအပြီး  စစ်ကောင်စီသတင်းဌာနက ထုတ်ပြန်ခဲ့သလို ဖမ်းဆီးအရေးယူခံရမှုများ ရှိနေသည်။

NUG ပညာရေး ဒုတိယဝန်ကြီး ဂျာထွယ်ပန်က ထိုနှစ်ကျောင်းနှင့် ပတ်သက်ပြီး စုံစမ်းဆေးနေဆဲဖြစ်ပြီး အချက်အလက်များစုစည်းကာ အမှုဖွင့်နိုင်ရန် ကြိုးစားသွားမည်၊ ကြားကာလကျောင်းများ သိုသိုသိပ်သိပ်နှင့် လှုပ်ရှား ဆောင်ရွက်တတ်ရန် အရေးကြီးသည်ဟု ဆိုသည်။

ကြားကာလသင်ကြားရေးကျောင်း ၄၀၀၀ ကျော် ရှိပြီး NUG နှင့် ချိတ်ဆက်ထားသည့် ကျောင်း ၇၀ ကျော်ရှိသည်။ NUG အသိအမှတ်ပြုပြီးနောက် အွန်လိုင်းကျောင်းများကို စောင့်ကြည့်လေ့လာသော လုပ်ငန်းစဉ်များ ရှိပြီး ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် အခြားသတ်မှတ်ထားသည့် လမ်းညွှန်ချက်များကို လိုက်နာမှု ရှိမရှိ စောင့်ကြည့်သည်ဟု သိရသည်။

ကျောင်းသား ၃၀,၀၀၀ ခန့် တက်ရောက်နေသော Kaung for You Federal Private School တွင် ၂၀၂၂ ဇွန်လအတွင်း ကျောင်းသားကျောင်းသူများ၏ ကိုယ်ရေးအချက်အလက် ပေါက်ကြားကာ ကျောင်းသားမိဘများထံ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်ခဲ့သည်။ FOEIM ကျောင်းတွင်လည်း ယခုနှစ် မတ်လဆန်းက ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့်၏ စာရင်း ပေါက်ကြားခဲ့သည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး NUG ပညာရေးဝန်ကြီးဌာန ဆောင်ရွက်ထားမှုများ၊ လိုက်နာရန်များ၊ အကြုံပြု တိုက်တွန်းချက်များကို Myanmar Now က မေးမြန်းထားသည်။

မေး —  ကြားကာလပညာသင်ကြားရေးအတွက်ပေါ်လာတဲ့ အွန်လိုင်းအခြေပြုကျောင်းတွေထဲမှာ အခုဆို သတင်းအချက်အလက်ပေါက်ကြားတာ ၂ ကျောင်းရှိပါပြီ။ ဒီကျောင်းတွေနဲ့ ပတ်သက်လို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဘယ်လိုကိုင်တွယ်နေပါသလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေလုပ်ထားပါသလဲ။

ဖြေ —  အချက်အလက်ပေါက်ကြားတဲ့ ကျောင်း ၂ ကျောင်းနဲ့ ပတ်သက်ပြီး ထူးခြားချက်ကတော့ ပထမဖြစ်တဲ့ K4U နဲ့ FOEIM, ဒီကျောင်း ၂ ကျောင်းက မီဒီယာမှာ ထင်ထင်ပေါ်ပေါ်နဲ့ နေတဲ့ ကျောင်းတွေဖြစ်ပါတယ်။ အဲဒါ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဒီလိုမဖြစ်ဖို့၊ သိုသိုသိပ်သိပ်နဲ့ ကျွန်မတို့ တော်လှန်ပညာဘက်တော်သားတွေ လှုပ်ရှားတတ်ဖို့ အရေးကြီးတယ်။ ကျွန်မတို့ကို ဖြိုခွင်းချင်တဲ့ စစ်ကောင်စီနဲ့ သူတို့ ကွန်ရက်တွေက အွန်လိုင်းကနေ အကောင့်ပေါင်းများစွာနဲ့ ခိုင်းထားတဲ့အဖွဲ့တွေရှိပါတယ်။ သူတို့ထောင်ချောက်ထဲ မကျဖို့ အရေးကြီးတယ်။

K4U ကတော့ သူတို့ရဲ့ စီမံခန့်ခွဲမှုလိုအပ်ချက် ဖြစ်တယ်ဆိုတာ ကျွန်မတို့ ထုတ်ဖော်တွေ့ရှိရတယ်။ ကြားကာလအချိန်မှာ တချို့က စုံစမ်းစစ်ဆေးရေးကို မလာတဲ့သူတွေရှိပါတယ်။ ကျွန်မတို့ ခေါ်တဲ့အခါ ဆက်သွယ်ရခက်နေတာမျိုးတွေရှိတယ်။ ဒီလိုကာလမှာတော့ ဒီလိုအခက်အခဲတွေရှိတယ်။ ဒါပေမဲ့ အမှုဆိုတာတော့ သက်တမ်းကုန်သွားတယ်ဆိုတာ မရှိပါဘူး။ အရေးယူနိုင်တဲ့အချိန်ကျရင် အရေးယူနိုင်အောင် အမှုတွေဖွင့်သွားမှာဖြစ်ပါတယ်။ အချက်အလက်တွေလည်း ရနိုင်သလောက် ကျွန်မတို့ စုစည်းထားတယ်၊ အသင့်လုပ်ထားတယ်။

K4U ကတော့ သူတို့ကျောင်းက အွန်လိုင်းက စပြီး (သတင်း) ထွက်သွားတာဖြစ်ပါတယ်။ ကျွန်မတို့ဆီ အရင်မရောက်ဘူး။ ဆိုရှယ်မီဒီယာပေါ် အရင်ရောက်သွားတာဖြစ်ပါတယ်။ မိဘတွေ၊ ပြည်သူတွေ အများအပြား မှီခိုအားထားနေရတဲ့ကျောင်းဖြစ်တဲ့အတွက် ကျောင်းတာဝန်ခံတွေအနေနဲ့ သူတို့ကို ဘေးရန်တွေကနေ ကာကွယ်နိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်။

ဒီလိုဖြစ်တဲ့အခါ တစ်ဖက် စစ်ကောင်စီဘက်က ဆိုရှယ်မီဒီယာမုဆိုးတွေရှိတယ်။ သူတို့က ကျောင်းသားတွေ၊ မိဘတွေရေးထားတာတွေကို လိုက်ကြည့်ပြီးမှ အဲဒီကတစ်ဆင့် ဝင်သွားတဲ့သဘောတွေလည်း စုံစမ်း သိရတယ်။ ကျွန်မတို့ဘက်က သတင်းအချက်အလက် လုံခြုံအောင်ထားပေမဲ့လည်း ဒီလိုကိစ္စတွေလိုက်နေတဲ့ မုဆိုးတွေကတော့ နည်းအမျိုးမျိုးနဲ့ ရအောင်လုပ်ကြမှာပဲ။ အရေးကြီးတာကတော့ သိုသိုသိပ်သိပ်နဲ့လုပ်တတ်ဖို့ အရေးကြီးတယ်။ ဆိုရှယ်မီဒီယာမုဆိုးတွေ ခြေရာခံမိမဲ့နေရာမှာ သတင်းအချက်အလက်တွေ မတင်မိဖို့ လုပ်ဆောင်ချက်တွေအစ အရေးကြီးတယ်။

မေး​ —  ဘာကြောင့်သတင်းပေါက်ကြားမှုတွေဖြစ်တယ်လို့ စုံစမ်းသိရှိရပါသလဲ။

ဖြေ —  စဖြစ်ကတည်းက သတင်းမပေါက်ကြားစေဖို့ ပထမဆုံးပြောခဲ့ပါတယ်။ အဲဒါကို ကျွန်မတို့ အင်မတန်မှ အလေးအနက်ထား ပြောခဲ့တာဖြစ်ပါတယ် ၂ ဖွဲ့စလုံးကို။ နောက်ပြီး ဒီကိစ္စ ဖြစ်လာပြီးနောက် အချက်အလက်တွေကို ထိန်းသိမ်းထားတာက စီမံခန့်ခွဲရေးရာဌာနက ဖြစ်ပါတယ်။

သူတို့တွေက ဖျက်လိုက်ပြီလို့ ပြောပါတယ် အချက်အလက်တွေကို။ ကျွန်မတို့ကလည်း ဖျက်လိုက်ပြီလို့ ထင်နေတာပေါ့။ ဒီလိုမျိုး သတင်းတွေပေါက်လာတော့ တချို့ကလည်း ဒီဟာတွေက အားလုံး မမှန်ဘူးပြောပါတယ်၊ ကလေးတွေရဲ့ စာရင်းတွေပေါ့။ စကစ လုပ်ကြံဖန်တီးထားတာတွေ အများကြီးပါတယ် ပြောပါတယ်။ အရေးကြီးတာကတော့ သတင်းကို သူတို့ဖျက်လိုက်ပြီးနောက်မှ ဒါတွေပေါ်လာတာဖြစ်တာပေါ့၊ ဘယ်ကနေ ဘယ်လိုပေါက်ကြားလာလဲဆိုတာတော့ ပဟေဠိဖြစ်နေတာပေါ့။ ဘယ်လိုပေါက်ကြားလာလဲဆိုတာလဲ FOEIM က ၂ ဖွဲ့စလုံးက စွပ်စွဲနေတာပေါ့၊ သူ့ကြောင့်ကိုယ့်ကြောင့်ဆိုပြီး။

မေး —  စစ်ကောင်စီကျောင်းတွေမှာ မိမိတို့သားသမီးကို မထားလိုတဲ့ ကျောင်းသားမိဘတွေဟာ စစ်ကောင်စီ သိရင် အဖမ်းခံရနိုင်တာသိရက်နဲ့ NUG ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြု အွန်လိုင်းကျောင်းတွေမှာ အပ်နှံကြတယ်။ ဒီလိုပေါက်ကြားမှုနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတွေရဲ့ ယုံကြည်မှုမလျော့အောင် ဘာပြောကြားလိုပါသလဲ။

ဖြေ —  ကျောင်းသားမိဘတွေကို ပြောချင်တာက ကိုယ့်ရဲ့ကျောင်းတာဝန်ခံတွေကို မိဘအနေနဲ့ တိုက်တွန်းနိုင်ပါတယ်၊ ဆိုရှယ်မီဒီယာပေါ် သိပ်မတင်ကြဖို့၊ လုပ်သင့်လုပ်ထိုက်တာကို ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်ဆောင်သွားဖို့ပေါ့နော်။

ကျွန်မတို့ NUG ရဲ့ မြေပြင်မှာရော အွန်လိုင်းမှာပါ ကျောင်းတွေအများကြီး ရှိပါတယ်။ ကျောင်းသူကျောင်းသားတွေလည်း သိန်းချီပေါ့နော် သင်ကြားနေကြပါတယ်။ ဒီကျောင်း ၂ ကျောင်းဖြစ်တာနဲ့ပဲ ပညာရေးက အကြီးအကျယ် ထိခိုက်သွားမှုမရှိပါဘူး။ ဒီကျောင်း ၂ ကျောင်းက ကလေးတွေကတော့ နစ်နာမှုရှိသွားတာ ဖြစ်ပါတယ်။ ဒီအတွက် ကလေးတွေအတွက် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မတို့လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်။

ဒီကျောင်းတွေဖြစ်တာက မီဒီယာမှာ တော်တော်လေး ဟိုလေးတကျော်ဖြစ်သွားတာပေါ့။ စဖွင့်ကတည်းကလည်း ဟိုးလေးတကျော်ဖြစ်ထားတော့ ကျွန်မတို့ ပြည်သူ့ပညာရေးကို ဖြိုခွင်းချင်တဲ့ စစ်ကောင်စီဘက်ကလူတွေက ပိုပြီးသတိထားစရာ၊ ပစ်မှတ်ထားစရာ ဖြစ်သွားတယ်။ ဒါကို အကောင်းဆုံးသင်ခန်းစာယူပြီး ကောင်းကောင်းမွန်မွန် လုပ်နေတဲ့ကျောင်းတွေရှိပါတယ်။ ဆိုတော့ အကောင်းဆုံးသင်ခန်းစာယူပြီး ကျွန်မတို့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ဖို့လိုပါတယ်။

မေး —  NUG အသိအမှတ်ပြုကျောင်းတွေကို ငွေကြေးစီမံခန့်ခွဲမှုကနေ အုပ်ချုပ်ရေးပိုင်းအထိ ဝန်ကြီးဌာနက စီမံခန့်ခွဲလို့ ရနေပြီလား။ ငွေကြေးအရှုပ်အရှင်းတွေမဖြစ်အောင် ဘာတွေစီမံဆောင်ရွက်နေပါသလဲ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေကရော ဘယ်လောက်အတိုင်းအတာထိ အလုပ်လုပ်နိုင်နေပြီလဲ။

ဖြေ —  ကျွန်မတို့ အခုကာလက ဝန်ကြီးဌာနအနေနဲ့ မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်မှုပေးဖို့ဖြစ်ပါတယ်။ ဒီလို သူတို့ ကျောင်းတွေရဲ့ အသေးစိတ်ကို သွားပြီးစီမံခန့်ခွဲလို့မရဘူး။ ကျောင်းတွေက သူတို့လွတ်လပ်ခွင့်အပြည့်နဲ့ လုပ်ကြတဲ့ကျောင်းတွေပါ။ ကျွန်မတို့က ဒီကာလမှာ ဖက်ဒရယ်ပညာရေးစနစ်တွေ အလေ့အကျင့်ရအောင် လုပ်နေတာဖြစ်ပါတယ်။ အလုပ်ဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။

ဖက်ဒရယ်ပညာရေးစနစ်ကို မျက်နှာမူပြီးမှ မျိုးစေ့ကောင်းတွေ ဒီကာလကတည်းကနေ အခြေခံကောင်းတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျောင်းတွေအားလုံးကို ဟိုအရင်ကလို ပညာရေးဝန်ကြီးဌာနကနေ ချုပ်ကိုင်ထားမယ်ဆိုတဲ့မူကတော့ နောက်ကိုပြန်သွားတဲ့စနစ် ပြန်ဖြစ်သွားမယ်။

ဒါကြောင့်မို့ တစ်ဖက်ကနေလည်း မူအတိုင်းသွားဖို့၊ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျောင်းသူကျောင်းသားတွေ မိဘတွေအနေနဲ့လည်း ယုံကြည်ကိုးစားနေတာ ဖြစ်လို့ တာဝန်တွေရှိကြပါတယ်၊ ဒီ ၂ ခုကြားမှာ အကောင်းဆုံး ချိန်ခွင်လျှာညှိ အညီအမျှသွားနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

မေး —  လက်ရှိ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) မှာ ပါဝင်ထားတဲ့ ပညာရေးဝန်ထမ်းတွေကို ဘယ်လောက် ထောက်ပံ့မှုပေးနိုင်နေပြီလဲ၊ အထောက်အပံ့တိုးလာဖို့ရော အလားအလာရှိပါသလား။

ဖြေ —  CDM ပြုလုပ်ထားတဲ့ဝန်ထမ်းတွေကို အထောက်အပံ့ကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုးနဲ့ အထောက်အပံ့လုပ်နေတာပေါ့နော်။ အစပိုင်းကတော့ CRPH အနေနဲ့ အစီအစဉ်တွေ အမျိုးမျိုးလုပ်ပြီး ထောက်ပံ့တာရှိတယ်။ နွေဦးထီနဲ့ ထောက်ပံ့တာရှိတယ်။ နောက် ဝန်ကြီးဌာနအားလုံးလိုလိုပဲ CDM နဲ့ ပတ်သက်လို့ ထောက်ပံ့တာတွေ လုပ်ဆောင်ကြပါတယ်။ အကောင်းဆုံးရနိုင်သမျှ အကူညီတွေရအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။

မေး —  လက်ရှိမှာ မြေပြင်မှာရော၊ အွန်လိုင်းမှာပါ NUG ရဲ့ ပညာရေးအစီအစဉ်တွေကို မသင်ကြားနိုင်တဲ့ ၊ မသိသေးတဲ့၊ နည်းပညာ လက်လှမ်းမမီတဲ့ ကျောင်းသားတွေ အများကြီးရှိနေသေးတယ်။ ပိုမို ပါဝင်လာနိုင်ဖို့ ပညာရေးဝန်ကြီးဌာနက ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲခင်ဗျာ။

ဖြေ —  ဝန်ကြီးဌာနအနေနဲ့ကတော့ အားလုံးကို ကျွန်မတို့က ထိတွေ့ချင်ပါတယ်။ အားလုံးကို ဝန်ကြီးက ထုတ်ပြန်ထားတဲ့ ပညာရေးဆိုင်ရာထုတ်ပြန်ချက်တွေ အရင်းအမြစ်တွေအားလုံးကို အားလုံးသုံးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လွတ်လွတ်လပ်လပ် Telegram တွေ၊ Facebook Page တွေကို Join ထားလို့ရတယ်။ ဒီထဲမှာ ထုတ်ပြန်ပေးနေတဲ့ Resources တွေ၊ Video ဖိုင်တွေ ပညာရေးအတွက် သုံးလို့ ကြည့်လို့ရပါတယ်။

ဒါကတော့ ကျောင်းသူကျောင်းသားအားလုံးအတွက်ပါ။ ပါဝင်ချင်ပေမဲ့ မပါဝင်နိုင်သေးတဲ့ ကျောင်းသားတွေ အများကြီးရှိပါတယ်။ အနာဂတ်ဖက်ဒရယ်ပညာရေးစနစ်မှာတော့ ဖက်ဒရယ်မူဝါဒတွေနဲ့ တချို့လူတွေကပဲ နည်းပညာကို တတ်နိုင်ပြီး တချို့မတတ်နိုင်တဲ့ဟာပေါ့။ အဲဒီလိုကွာဟချက် မကြီးမားအောင်၊ ဒီထက် ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဖက်ဒရယ်ပညာရေးမူထဲမှာ ဒါတွေ ပါပါတယ်။ နည်းပညာ တစ်ပြေးညီသုံးစွဲနိုင်ရေးကို အစိုးရအနေနဲ့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

မေး —  ဝန်ကြီးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲခင်ဗျာ။

ဖြေ —  ကလေးတစ်ယောက်ကို ပညာတတ်အောင်လုပ်ဖို့အတွက် တစ်ရွာလုံးလိုတယ်ဆိုတဲ့အတိုင်းပဲ အခုလည်း ပညာသင်ကြားရေးလုပ်နေတယ်။ ကလေးတွေကို ဗဟိုပြုပြီး ပညာသင်ကြားရေးလုပ်နေတဲ့အခါမှာ ဒါကို ကဏ္ဍတစ်ခုအနေနဲ့ စဉ်းစားမယ်ဆိုရင် ဒီကဏ္ဍထဲမှာ ခွေးသွားစိတ်လေး အများကြီးနဲ့  ချိတ်ဆက်လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ကွန်ရက်တွေချိတ်ပြီးမှ အခုဆို ပိုပြီးမှတောင် Decentralisation (ဗဟိုချုပ်ကိုင်မှုလျှော့ချရေး) စနစ်ကို လုပ်ဆောင်တယ်ဆိုတော့ ကိုယ်ကဏ္ဍနဲ့ကိုယ် တာဝန်ယူကြဖို့ပဲ ဖြစ်ပါတယ်။ ဒီခွေးသွားစိတ်လို ပညာရေးဆိုတဲ့စက်ကို မောင်းနှင်နိုင်ဖို့ဆိုတာ အားလုံးဟန်ချက်ညီညီနဲ့ သွားရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးသွားဖို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ အင်မတန်အရေးကြီးပါတယ်။

နောက်ဆုံးတစ်ခုပြောလိုတာကတော့ ဆိုရှယ်မီဒီယာတွေဆိုတာကတော့ အွန်လိုင်းပေါ်မှာ ပြည်သူ့ပညာရေးကို ဖျက်လိုဖျက်ဆီး ချောင်းမြောင်းနေတဲ့မုဆိုးတွေ ရှိကြပါတယ်။ သတိထားဖို့ လိုတယ်။ ပါးပါးနပ်နပ်နဲ့ အလုပ်လုပ်တတ်ဖို့ အရေးကြီးပါတယ်။

ဆိုရှယ်မီဒီယာပေါ်တင်မှပဲ ပွင့်လင်းမြင်သာမှုရှိတယ်လို့ မယူဆစေချင်ဘူး။ ကျွန်မတို့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ရမယ့်နေရာမှာ သိသင့်သိထိုက်သူတွေသိအောင်ပဲ လုပ်လို့ ရပါတယ်။ မလိုအပ်ဘဲ အန္တရာယ်ရှိတဲ့၊ သူများတွေရှိတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်ဖော်လိုက်မိသလို ဖြစ်သွားမှာ သတိထားဖို့လိုပါတယ်။ တော်လှန်ရေးဘက်တော်သားတွေအားလုံး စမတ်ကျကျနဲ့ လုပ်ဆောင်သင့်တာကို ပိပိရိရိ အောင်မြင်အောင် လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button