သတင်း

ခေါင်းဆောင်မှု မကြိုက်ဟု ဆိုကာ အင်းတော် PDF တပ်ဖွဲ့ဝင်တချို့ လက်နက်စွန့်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တချို့က ခရိုင်အဆင့်တာဝန်ရှိသူတချို့၏ လုပ်ဆောင်ချက်ကို မကျေနပ်သောကြောင့် တပ်မှ ထွက်သွားကြသည်ဟု သိရသည်။

အထက်ပိုင်း အင်းတော်မြို့နယ်အခြေစိုက် ကသာခရိုင်တပ်ရင်း (၂) မှ တပ်ရင်းမှူး ဒူချွန်နော်လွတ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူများက တပ်စိတ်မှူး ကိုမုန်တိုင်း အပါအဝင် ရဲဘော် ၄ ဦးကို ၂၀၂၂ ဒီဇင်ဘာ ၃၁ တွင် လက်နက်ဖြုတ်သိမ်းရာမှ မကျေနပ်မှု စတင် ပေါ်ပေါက်လာသည်။

စစ်ကောင်စီသတင်းပေးကို သွားရောက်သတ်ဖြတ်ရာတွင် အထက်သို့ ခွင့်ပြုချက်တောင်းခံခြင်းမရှိဟူသော အကြောင်းပြချက်ဖြင့် လက်နက်ဖြုတ်သိမ်းခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ လက်နက်ဖြုတ်သိမ်းမှုမှာ တရားမျှတမှုမရှိဟု ဆိုကာ ထိုကာလအတွင်းမှာပင် တပ်ရင်း (၂) မှ PDF ထက်ဝက်ခန့်က လက်နက်များ ပြန်အပ်ကာ တပ်ရင်းကို စွန့်ခွာခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ ခန့်အရွယ် အင်းတော်-PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ရေးခိုက်ရေးပိုင်းမှာလည်း ကိုမုန်တိုင်းတို့ကပဲ ဦးဆောင်နေတာပေါ့ဗျာ။ ရဲဘော်တွေအတွက်ရော အားလုံး မှန်မှန်ကန်ကန်ပဲ လုပ်နေတဲ့လူမျိုးကို ဒလန်ရှင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုမျိုး လုပ်လိုက်တဲ့အခါကျတော့ ရဲဘော်တွေကလည်း လက်သင့်မခံဘူး။ တပ်ရင်းထဲ ပြန်မဝင်ချင်ဘူး၊ အခုဆိုရင် အပြင်မှာ ရောက်နေပြီး ပြန်မဝင်တဲ့ရဲဘော်တွေလည်း အများကြီးဖြစ်နေပြီ” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆိုသည်။

အင်းတော်အခြေစိုက် ခရိုင်တပ်ရင်းတွင် အင်အားမည်မျှရှိသည်ကို တိတိကျကျ မပြောလိုကြောင်း၊ လက်နက်စွန့်သည့် အရေအတွက်မှာ တပ်အင်အား၏ ထက်ဝက်ခန့် ရှိကြောင်း ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူများက လာဘ်ပေးလာဘ်ယူကိစ္စ ဖုံးဖိထားလိုသဖြင့် ငယ်သားများကို အပြစ်ရှာခြင်းဖြစ်နိုင်ကြောင်း တပ်ရင်း (၂) ကို စွန့်ခွာခဲ့သူများက ပြောကြသည်။

“နည်းနည်းတော့ ရှုပ်ထွေးတယ်၊ ဒလန်ရှင်းလိုက်တာလည်း မှန်တော့မှန်တယ်။ ဒါပေမဲ့ မဲဇာချောင်းထဲက ရွှေမျောကိစ္စတွေ၊ သစ်ကိစ္စတွေ၊ အခွန်ကောက်တဲ့ဟာတွေကို ကိုမုန်တိုင်းတို့က နည်းနည်း သတင်းစုံစမ်းထောက်လှမ်းတာလည်း လုပ်တဲ့အခါကျတော့ မှားကွက်ရှာနေတဲ့သဘော ရှိတာပေါ့ဗျာ၊ ဒလန်ရှင်းလိုက်တဲ့အခါကျတော့ အကွက်တွေ့သွားတာပေါ့” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။

ထို့ကြောင့် ထိုသူများကို အရေးယူပေးရန် ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကိုမုန်တိုင်း ဦးဆောင်ပြီး စစ်ဒေသ (၁) တာဝန်ရှိသူများထံသို့ သွားရောက်တိုင်ကြားခဲ့သည်။

တိုင်ကြားခံရသူများမှာ PDF ဒုတပ်ရင်းမှူး အောင်ဇင်ဖြိုး၊ ထောက်လှမ်းရေးအရာရှိ (IO) ဦးအောင်မျိုးလင်း (ခ) ဗေဒါ၊ ပကဖခေါင်းဆောင် ကိုမိုင်းဝေ၊ ကသာခရိုင် (ပအဖ) ခေါင်းဆောင် ဦးသန်းဝင်း၊ အင်းတော်မြို့နယ် (ပအဖ) ခေါင်းဆောင် ဦးရွှေယနှင့် မြို့နယ်သယံဇာတတာဝန်ခံ ဦးတုတ်မွန်တို့ ဖြစ်သည်ဟု ဆိုသည်။

အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စစ်ကောင်စီတန်ပိုဂိတ်ကို KIA နှင့် PDF တို့က ၂၀၂၂ ဩဂုတ် ၁၆ က ဝင်ရောက် မီးရှို့ခဲ့စဉ်။ (ဓာတ်ပုံ- Indaw Revolution)

အထက်ပါကိစ္စကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ လက်နက်ဖြုတ်သိမ်းထားသော်လည်း အင်းတော်မြို့ အနီးအနားတွင် နေထိုင်ပြီး ယခုကိစ္စကို ဖြေရှင်းပြီးသည်အထိ စောင့်ဆိုင်းရန် NUG တာဝန်ရှိသူအချို့က ပြောဆိုခဲ့သည်ဟု သိရသည်။

သို့သော် မတ်လ ၃ ရက်နေ့တွင် တပ်ရင်းမှူး ဒူချွန်နော်လွတ်က စကားပြောစရာရှိသည်ဟုဆိုကာ တပ်စိတ်မှူး ကိုမုန်တိုင်း အပါအဝင် ရဲဘော်တချို့ကို PDF ခရိုင်ရုံးသို့ ခေါ်ယူပြီး အကျယ်ချုပ် ချုပ်နှောင်၍ ကတုတ်ကျင်းတူးခိုင်းခြင်း၊ တဲဆောက်ခိုင်းခြင်း စသည့် ပြစ်ဒဏ်များ ပေးခဲ့သည်ဟု လက်နက်စွန့်ခဲ့သည့် PDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။

“ဟိုတစ်နေ့က (အကျယ်ချုပ်) ရဲဘော်တွေကို စားစရာမရှိဘူးဆိုလို့ ဟင်းတွေဘာတွေ သွားပို့တာပေါ့နော်၊ ရဲဘော်တွေက တွေ့တွေ့ချင်းပဲ အရမ်းဝမ်းနည်းပြီးတော့ ငိုတာပေါ့။ ကျွန်တော်တို့ ဒီလောက်လုပ်ခဲ့ရတာ ကျွန်တော်တို့ကို မတရားလုပ်ထားရက်တယ်ပေါ့၊ ကျွန်တော်တို့က ဒါပြီးရင် တော်လှန်ရေးမလုပ်တော့ဘူးဆိုပြီး ဖြစ်ကုန်ကြပြီ” ဟု အသက် ၂၀ ကျော်အရွယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုင်ကြားခံရသူတစ်ဦးဖြစ်သည့် ထောက်လှမ်းရေးအရာရှိ ဦးအောင်မျိုးလင်း (ခ) ဗေဒါမှာ ဖမ်းဆီးရမိသော ပြည်သူ့စစ် ခေါ် ပျူစောထီးများကို ပြန်လွှတ်ပေးခဲ့သည်၊ မူးယစ်ဆေးရောင်းဝယ်သူများကို ဆက်ကြေးယူ ကာကွယ်ပေးထားသည်၊ တပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင်ဆောင်မှုကို ဝင်စွက်ဖက်သည်၊ ရှေ့တန်းရဲဘော်များအတွက် ကျည်ဆန်ခွဲတမ်း လျှော့ပေးသူဖြစ်သည်ဟု စွပ်စွဲခံထားသည်။

ထို့ပြင် ဦးအောင်မျိုးလင်း ကိုင်ဆောင်သည့်လက်နက် တိုက်ပွဲတစ်ခုတွင် ပျောက်ဆုံးခဲ့သည်၊ အရေးယူခံရမည်ကို စိုးရိမ်၍ တိုက်ပွဲတွင်း သေဆုံးသွားသူ ရဲဘော်တစ်ဦး၏ လက်နက်ဖြင့် အစားထိုးသလို လက်နက်ပျောက်ဆုံးမှုအတွက် ထိုရဲဘော်ကို အပြစ်ပုံချခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။

စွပ်စွဲထားသည့် အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဦးအောင်မျိုးလင်းကို Myanmar Now က ဖုန်းဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ထို့ပြင် အင်းတော် (ပကဖ) တာဝန်ခံ ကိုမိုင်းဝေ၊ ပအဖတာဝန်ခံ ဦးရွှေယတို့သည် ဒေသတွင်းမှ ရွှေမျောလုပ်ကွက်များ၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းများမှ ကောက်ခံရရှိသည့် အခွန်ငွေကို NUG အစိုးရထံ အပြည့်အဝ ပေးသွင်းခြင်းမရှိဟု ဒေသခံတချို့နှင့် အင်းတော် PDF တပ်ဖွဲ့ဝင်တချို့က စွပ်စွဲထားသည်။

အင်းတော်အခြေစိုက် PDF တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- အင်းတော် PDF)

အင်းတော်-ပအဖ တာဝန်ခံ ဦးရွှေယက ကိုမုန်တိုင်းတို့ကို ဖမ်းဆီးသည့်ဖြစ်စဉ်မှာ တပ်ဘက်ဆိုင်ရာ ကိစ္စဖြစ်သည့်အတွက် မဖြေကြားနိုင်ကြောင်း၊ အခွန်ကိစ္စများနှင့် ပတ်သက်လျှင် မှန်မှန်ကန်ကန်သာ လုပ်ဆောင်ခဲ့ကြောင်း တုံ့ပြန်သည်။

“ဒီမှာကတော့ ကော်မတီအရပ်ရပ်ရှိတယ်ဗျ၊ NUG ရဲ့ ဒီမြို့နယ်ကော်မတီမှာရှိတဲ့ ဝင်ငွေ၊ ထွက်ငွေအားလုံး၊ နောက် ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းတွေအားလုံး တစ်ခုမှ Close လုပ်ထားတာ မရှိပါဘူး၊ အဲဒါနဲ့ ပတ်သက်ရင် ပအဖ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေရော လုပ်ငန်းတွေရော လာရောက်လည်း စစ်ဆေးလို့ရသလို၊ ကျွန်တော်တို့ဘက်ကလည်း အတိအလင်းဖြေရှင်းလို့ရတယ်။ ကျွန်တော်တို့ တစ်ခုမှ လာဘ်စားထားတာလည်း မရှိဘူး။ ကိုယ်ကျိုးအတွက် သုံးထားတာလည်း မရှိဘူး” ဟု ဦးရွှေယက Myanmar Now ကို မတ် ၁၅ တွင် ပြောသည်။

ဖေဖော်ဝါရီလတွင်လည်း အင်းတော်မြို့နှင့် ဗန်းမောက်မြို့နယ်အတွင်း တရုတ်သစ်ကုမ္ပဏီများက သစ် အလွန်အကျွံထုတ်ယူနေသည်ကို အင်းတော်နှင့် ဗန်းမောက် ပကဖတာဝန်ရှိသူများက ဆက်ကြေးယူကာ ခွင့်ပြုထားသည်ဟု ဒေသခံများ၏ စွပ်စွဲမှု ပေါ်ပေါက်ခဲ့သေးသည်။

ထို့ပြင် အင်းတော်မြို့နယ် မဲဇာချောင်းအတွင်း၌ ဒေသခံများနှင့် အခြားဒေသမှ စစ်ရှောင်လာသူများ လုပ်ကိုင်နေသည့် ရွှေမျောလုပ်ငန်းများကို မြို့နယ်ပကဖ တာဝန်ရှိသူများက အခွန်ကောက်ယူကာ လုပ်ကိုင်ခွင့်ပြုထားသော်လည်း ပြီးခဲ့သည့်တစ်လခန့်မှစ၍ အကြောင်းပြချက်မရှိ လုပ်ကိုင်ခွင့် ရပ်ဆိုင်းခဲ့သည်ဟု ရွှေမျောသမားများက ပြောသည်။

၎င်းတို့မှာ ရွှေမျောလုပ်ငန်းအတွက် တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရေးပစ္စည်းများ ရင်းနှီးထားရသည့်အပြင် ပကဖထံ အခွန်အခများ ပေးဆောင်ပြီးခါမှ ထိုသို့ လုပ်ခွင့်ပိတ်လိုက်သည့်အတွက် စစ်ရှောင်အချို့ လက်ဗလာဖြင့် အိမ်ပြန်သွားကြရသလို အချို့မှာ ရင်းနှီးသူများ၏ ပေးစာ၊ ကမ်းစာများနှင့် စားသောက်နေရသည်ဟု ဆိုသည်။

စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို ပစ်ခတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တော်လှန်ရေးများ အားကောင်းလာပြီး ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလှုပ်ရှားလာကြသည်။

တိုင်းအတွင်း မြို့နယ်တိုင်းလိုလိုတွင် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF များ၊ မြို့နယ် ပအဖ၊ ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များ ဖွဲ့စည်းထားပြီး တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နေကြသည်။

သို့သော် ဒေသတချို့တွင် NUG အစိုးရ၏ လမ်းညွှန်ချက်များကို ကျော်လွန်လုပ်ဆောင်နေသည်၊ ကိုယ်ကျိုးစီးပွားများကို လုပ်ဆောင်နေသည်ဟူသော စွပ်စွဲမှုများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။

စစ်ကိုင်းတိုင်းအဆုံး ကချင်ပြည်နယ်အစပ်တွင်ရှိသည့် အင်းတော်၊ ဗန်းမောက်မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ထိုသို့ လာဘ်ပေးလာဘ်ယူမှုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင်လည်း NUG လက်အောက်ခံ PDF, ပကဖများနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (LDF) တချို့တို့အကြား ပစ်ခတ်မှုနှင့် ဖမ်းချုပ်မှုတချို့ ဖြစ်ပေါ်ခဲ့ကာ ဒေသခံအဖွဲ့များက NUG ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားထားကြသည်၊ မြို့နယ်ပကဖခေါင်းဆောင်များကမူ NUG ညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button