သတင်း

ရေဖြူမြို့တွင် ဆယ်ကျော်သက်များ အပါအဝင် ဒေသခံ ၇ ဦး ဖမ်းဆီးခံရ

နိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှ ဒေသခံ ၇ ဦးကို တော်လှန်ရေးအင်အားစုများနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

မတ်လ ၉ ရက်က ရေဖြူမြို့နယ် ဇင်းဘာရွာမှ အသက် ၁၇ နှစ်အရွယ် မကေသီသီလင်း၊ ကျောက်ရှပ်ရွာမှ ၁၈ နှစ်အရွယ် မသက်မြတ်နိုးတို့နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် ရန်ကုန်-ထားဝယ်လမ်းမပေါ်ရှိ ကလိန်အောင်မြို့တံတား စစ်ဆေးရေးဂိတ်တွင် တားဆီးခံရပြီး လက်ကိုင်ဖုန်း စစ်ဆေးရာမှ ဖမ်းဆီးခံရသည်ဟု အမည်မဖော်လိုသည့် ရေဖြူမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့နောက် ၎င်းတို့နှင့် ဆက်စပ်၍ မတ် ၁၂ မွန်းလွဲတွင် ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်မှ အသက် ၁၇ နှစ်အရွယ် မမိုးမြတ်နဒီထွေးနှင့် ထိုမြို့အနီး မိကျောင်းလှောင်းရွာမှ ကိုကျော်သူထွေး အပါအဝင် ၄ ဦးကို ကလိန်အောင်မြို့ အခြေစိုက် အမှတ် ၄၀၈၊ ၄၀၉၊ ၄၁၀ ခြေမြန်တပ်ရင်းပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုပူးပေါင်းအဖွဲ့တွင် ကလိန်အောင်မြို့ မီးသတ်တပ်ဖွဲ့နှင့် ကျေးရွာရှိ စစ်ကောင်စီသတင်းပေးများ ပါဝင်ပြီး အမည်စာရင်းနှင့်တကွ လာရောက်ဖမ်းဆီးခြင်းဖြစ်ကာ နေအိမ်များကိုပါ မွှေနှောက်ဖျက်ဆီးသွားသည်ဟု ဖြစ်စဉ်သိရှိသူများကို ကိုးကား၍ ၎င်းက ပြောသည်။

“အဖွဲ့စုံနဲ့ သွားဖမ်းကြတာပေါ့ဗျာ။ အင်အား ၅၀ ကျော်တယ်ဗျ။ နာမည်နဲ့တကွ လာတယ်။ တချို့လူတွေ ရှောင်တိမ်းတဲ့သူတွေ မမိဘူးဗျ။ အဖမ်းအဆီးတွေများလို့ (ဒေသခံအချို့) ဘေးလွတ်ရာ တိမ်းရှောင်နေရတာပေါ့ဗျာ။ အိမ်မှာ မနေရဲကြတော့ဘူးလေ။ သူတို့တွေက အချိန်မရွေး လာဖမ်းမယ်ဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

ကလိန်အောင်မြို့အနီးမှ ဖမ်းဆီးထားသူများကို အမှတ် (၄၁၀) ခြေမြန်တပ်ရင်း စစ်ကြောရေးစခန်းတွင် ချုပ်နှောင်ထားလေ့ရှိရာ ၎င်းတို့ ၇ ဦးကို ထိုနေရာ၍ အလားတူချုပ်နှောင်ထားနိုင်ကြောင်း၊ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များ အဆက်သွယ်မရသေးကြောင်း သိရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် တနင်္သာရီတိုင်း ထားဝယ်၊ လောင်းလုံးမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့နှင့် ထိစပ်နေသည့် ရေဖြူမြို့နယ်တွင် လက်တလော တိုက်ပွဲငြိမ်နေသော်လည်း စစ်တပ်က အဖမ်းအဆီး ပိုကြမ်းလာသည်ဟု ဒေသခံများက ဆိုသည်။

ယမန်နေ့ မတ် ၁၂ တွင် ကလိန်အောင်မြို့မှ ၉ မိုင်အကွာ ကံပေါက်ဒေသ ဇာဒီကျေးရွာမှ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးလက်နက်ကိုင်အဖွဲ့ဝင် ဦးလားလားဆိုသူကို တော်လှန်ရေးအဖွဲ့က ပစ်ခတ် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

ပစ်ခတ်မှုအပြီး ဇာဒီကျေးရွာမှ အသက် ၅၀ အရွယ် ကျန်းမာရေးမှူးဖြစ်သူ ဦးအောင်မင်း၊ အသက် ၄၈ နှစ်အရွယ် ဒေါ်အောင်မဲနှင့် ခေါင်းပြန်ကျေးရွာမှ အသက် ၃၀ အရွယ် ကိုအောင်ကျော်တို့ကို ကံပေါက်ဒေသရှိ မောရဝတီရေတပ်မှ စစ်သားများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်မင်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့်၂၀၂၁ မတ်လတွင် ထောင် ၂ နှစ် ကျခဲ့ပြီး လွတ်ငြိမ်းဖြင့် ပြန်လွတ်မြောက်လာရာမှ ယခု ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ရေဖြူမြို့နယ်တွင် အဖမ်းအဆီးကြမ်းလာသလို တပ်မတော်နေ့အခမ်းအနားလုပ်မည့် မတ် ၂၇ နီးလာခြင်းကြောင့် လုံခြုံရေးအရ စိုးမိုးနိုင်ရန် ပြင်ဆင်မှုများ တွေ့လာရကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“ကျွန်တော့အမြင် နေရာတော်တော်များများကို ဖိလာတယ်။ စစ်ကြောင်းဆိုလည်း အရင်ကထက်စာရင် တော်တော်လေး ဖိလာတဲ့အခြေအနေရှိတယ်။ တပ်မတော်နေ့လည်း နီးလာပြီဆိုတော့ သူတို့က လုံးဝကို အကွက်စိပ်အောင် လိုက်လုပ်နေတဲ့အခြေအနေမျိုးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

နယ်နိမိတ်ချင်း ဆက်နေသည့် လောင်းလုံးမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း၊ မောင်းမကန်ရဲစခန်းတွင် တိုက်ခိုက်ခံရမှုရှိနေသဖြင့် ရေဖြူတွင် လုံခြုံရေး အသာစီးရရန် စစ်ကြောင်း ခပ်စိပ်စိပ်ထိုးလာနေကြောင်း ၎င်းက ဆိုသည်။ 

ထို့ကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေရှိကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ဒေသခံများဖမ်းဆီးခံရမှုဖြစ်စဉ်ကို သီးခြားအတည်မပြုနိုင်သေးသလို ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီကို မမေးမြန်းနိုင်သေးပေ။ 

စစ်ကောင်စီကို နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံတော်လှန်ရာတွင် တနင်္သာရီတိုင်းသည်လည်း အားကောင်းမောင်းသန် ပါဝင်နေသည်။ ခရိုင်လေးခုရှိသည့် တနင်္သာရီတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခု၌ တော်လှန်ရေးအဖွဲ့များ လှုပ်ရှားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button