သတင်း

မန္တလေးမြို့တွင် လူငယ်တစ်ဦးကို မြို့ပြပြောက်ကျားအဖွဲ့ ပစ်သတ်

ယမန်နေ့ (မတ် ၂) မွန်းလွဲပိုင်းက မန္တလေးမြို့ပေါ်တွင် အသက် ၂၀ အရွယ် အောင်မျိုးမြတ်ဆိုသူကို သတ်ဖြတ်ခဲ့ကြောင်း ဒေသအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက သတင်းထုတ်ပြန်သလို ဆိုင်ကယ်စီးလာသော ထိုအမျိုးသား အောင်မြေသာစံမြို့နယ်၊ ဒေါနဖွားရပ်ကွက်၊ ၁၀ လမ်းနှင့် ၆၂ လမ်းထောင့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ယာဘက်နားအောက် ဖောက်ဝင်တဲ့ ဒဏ်ရာတစ်ချက်ပဲဗျ။ ဆိုင်ကယ် လဲကျသွားပြီး ပွဲချင်းပြီးဆုံးတာ။ အစက လူတွေ ဝိုင်းအုံကြည့်နေတော့ accident (မတော်တဆဖြစ်ရပ်) ထင်တာ။ နောက်မှ သေနတ်နဲ့ ပစ်သွားတာလို့ သိရတာ” ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လူမှုရေးအသင်းကားတစ်စီးက ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ဆောင်သွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုနေရာတွင် လာရောက် စစ်ဆေးကြောင်း ၎င်းက ဆက်ပြောသည်။

Mandalay Independent Association ဆိုသည့် အဖွဲ့က ထိုလူငယ်သည် ၎င်းတို့၏ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းသွားသူဖြစ်သည်ဟု ယမန်နေ့ ညနေက သတင်းထုတ်ပြန်သည်။

တော်လှန်ရေးအဖွဲ့တစ်ခုက ယုံကြည်စွာအပ်နှံခဲ့သော လက်နက်ခဲယမ်းများကို ၂၀၂၂ ခုနှစ်အတွင်း ပုသိမ်ကြီးမြို့နယ်ရှိ စစ်တပ် အမှတ် (၄) ခြေလျင်တပ်ရင်းထံ သွားရောက် အပ်နှံသလို အဖွဲ့မှ ရဲဘော်များ၏ ကိုယ်ရေးအချက်အလက်များကို ပေးပို့ခဲ့သူ၊ မန္တလေးအခြေစိုက် စစ်တပ်စခန်းများအတွင်း ဝင်ထွက်သွားလာသကဲ့သို့ စစ်ကြောင်းမှူးဆိုသူများနှင့် အဆက်အသွယ်ရှိသူ၊ ရဲများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဖြန့်ဖြူးနေပြီး သေနတ်တစ်လက် ကိုင်ဆောင်ထားသူဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအချက်များနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို ထိုသူ၏ မိသားစုဝင်များကိုလည်း ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင်မူ အချင်းချင်းသတ်ဖြတ်မှုဖြစ်သည်ဟု ရေးသားထားကြသည်။

မန္တလေး၌ အခြေစိုက်လှုပ်ရှားနေသည့် မြေပြင်ကင်းထောက်အဖွဲ့ ၂ ဖွဲ့က ထိုမြို့ပြပြောက်ကျားအဖွဲ့ အမှန်တကယ်တည်ရှိကြောင်း Myanmar Now ကို အတည်ပြုသည်။

ပြီးခဲ့သည့်လများအတွင်း မန္တလေးမြို့တွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ၊ ဆရာဝန်၊ ရှေ့နေနှင့် သံဃာများအပါအဝင် မြို့ခံ ၁၀၀ နီးပါး ထိန်းသိမ်းခံရသည်။

ဆန္ဒပြလျှင်ပင် ပစ်သတ်နေသည့် အာဏာသိမ်းစစ်တပ်ကို တော်လှန်မှုအားကောင်းသည့် မန္တလေး၊ စစ်ကိုင်းဒေသများတွင် ပစ်ခတ်မှု၊ ဖမ်းဆီးမှုများ နေ့စဉ် ပေါ်ပေါက်နေသည်။

ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ဆောင်းနှင်းဖြူဟု လူသိများသည့် မန္တလေးမြို့ခံ ဓာတ်ပုံဆရာ ဦးအောင်ဝင်းထွဋ်ကို စစ်တပ်က နေအိမ်တွင် ရိုက်နှက်ဖမ်းဆီးသွားပြီး သုံးနာရီအကြာတွင် အလောင်း လာရောက်ထုတ်ယူရန် မိသားစုထံ အကြောင်းကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button