သတင်း

စစ်ဗိုလ်မှူးဟောင်းပိုင် သပိတ်ကျင်းရွှေလုပ်ကွက်ကို ပကဖအဖွဲ့ စီးနင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်အရာရှိဟောင်းတစ်ဦး၏ ရွှေလုပ်ကွက်ကို မတ်လ ၁ ရက်နေ့က ဝင်ရောက်စီးနင်းပြီး လုပ်ငန်းကို ယာယီပိတ်သိမ်းစေခဲ့ကြောင်း ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ကျောက်ဖြူရွာနှင့် ကြက်ရိုးပင်ရွာအကြား ဗိုလ်မှူးဟောင်းမျိုးခိုင် ပိုင်ဆိုင်သော Kyaw Saw Thu (ကျော်စောသူ) ကုမ္ပဏီသည် ဝန်ထမ်းအင်အား ၇၀ ဖြင့် တူးဖော်ထုတ်လုပ်နေသည့် ရွှေလုပ်ကွက်ဖြစ်သည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ဟု အမည်ပေးထားသော ဒေသခံကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

“စစ်ကောင်စီရဲ့ လက်ပါးစေအရာရှိတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့် အခုလို ဝင်ပိတ်သိမ်းတာပါ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေတော့ ထွက်ပြေးကြတာပေါ့။ ကျန်ခဲ့တဲ့ အလုပ်သမားဝန်ထမ်းတွေပဲ ရှိခဲ့တယ်” ဟု ၎င်းက Myanmar Now ကို ယနေ့ (မတ် ၃) တွင် ပြောသည်။

ပကဖအဖွဲ့ဝင်များ ထိုရွှေလုပ်ကွက်အတွင်း ဝင်ရောက်သွားချိန်တွင် ကုမ္ပဏီအကြီးအကဲများ မရှိသလို ထိုလုပ်ကွက်တာဝန်ခံလည်း ထွက်ပြေးသွားကြောင်း ၎င်းက ဆိုသည်။

လုပ်ငန်းခွင်အတွင်းရှိ အဆောက်အအုံနှစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သော်လည်း မြေတူးဖော်စက်များနှင့် အခြားပစ္စည်းများကို မဖျက်ဆီးဘဲ ချန်ထားခဲ့ကြောင်း ခရိုင်ပကဖအဖွဲ့ထံမှ သိရသည်။

စစ်တပ် အာဏာမသိမ်းမီကတည်းက ထိုကုမ္ပဏီ လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်လလျှင် ရွှေနှစ်ပိဿာခန့် ထွက်ရှိသည်၊ လုပ်ငန်းများ ရပ်ဆိုင်းထားသော လုပ်ကွက်အခြေအနေကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ပြင်ဦးလွင်ခရိုင် ပကဖအဖွဲ့တာဝန်ခံ ကိုသီဟက ပြောသည်။

နယ်မြေစိုးမိုးမှု အသာစီးရလာပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဝါဒနှင့်အညီ ရွှေလုပ်ကွက် ပြန်ဖွင့်ပေးရန် မျှော်မှန်းသည်၊ လုပ်ငန်း ပြန်လည် လည်ပတ်ပါက ဝန်ထမ်းများ၏ စားဝတ်နေရေးလည်း အဆင်ပြေမည်ဟု ၎င်းက ဆိုသည်။

“စိုးမိုးနယ်မြေ ရရှိမယ်။ ရရှိပြီးရင် လုံခြုံရေး ကောင်းကောင်းပေးနိုင်မယ်ဆိုရင် ဝန်ထမ်းတွေကို ရှေးရှုပြီး လုပ်ငန်းခွင် လည်ပတ်ပေးနိုင်အောင်တော့ မျှော်မှန်းပါတယ်။ NUG ရဲ့လမ်းညွှန်ချက်တော့ စောင့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

ရွှေလုပ်ကွက်အတွင်း မီးလောင်နေသော အဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ- ပြင်ဦးလွင်ခရိုင်ပကဖ)

အရည်အသွေးကောင်း ပတ္တမြား၊ နီလာ ထွက်ရှိရာ မိုးကုတ်နှင့် နယ်မြေဆက်နေသည့် သပိတ်ကျင်းမြို့နယ်တွင် ရွှေလုပ်ကွက် အများအပြားရှိနေပြီး စစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီကြီးများက လုပ်ပိုင်ခွင့် ရရှိနေသည်ဟု သပိတ်ကျင်းမြို့နယ် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့နဲ့  (စစ်တပ်နဲ့) ပနံမကျတဲ့သူတွေဆို ပိတ်ခိုင်းတာ၊ သိမ်းခိုင်းတာတွေ ရှိပါတယ်။ သူတို့နဲ့ ပနံကျတဲ့ သူဌေးတွေက ပိတ်ခိုင်းဖို့ ဖိအားပေးလိုက်ရင် ပိတ်ရတော့တာမျိုးတွေ များပါတယ်။ မကြာခဏကို ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

၂၀၂၀ အတွင်း သတ္တုတွင်းဦးစီးဌာနက ခွင့်ပြုပေးခဲ့သော သတ္တုတူးဖော်ရေးလုပ်ကွက်များအနက် သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးဒေသ၌ အလတ်စားရွှေလုပ်ကွက်အဖြစ် မြေ ၄၆၄ ဒသမ ၇ ဧကရှိသော ရွှေလုပ်ကွက် ၂၅ ကွက်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အမည်ဖြင့် တူးဖော်ခွင့် ပြုထားသည်။

ဧက ၂၀ အကျယ်ရှိ လုပ်ကွက်ပေါင်း ၂၀ နှင့် အခြားလုပ်ကွက် ၅ ခုကို ၂၀၂၀ နှစ်လယ်မှ ၂၀၃၁ ခုနှစ်အထိ တူးဖော်ခွင့် ရရှိမည်ဖြစ်သည်။

ယင်းအနက် ၂၂ ကွက်သည် ဧရိယာတစ်ဆက်တည်းရှိသော မြေနေရာများဖြစ်ပြီး ဧက ၄၀၀ ကျော် အကျယ်အဝန်းရှိသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများ၊ အကျိုးအမြတ်ခွဲဝေမှုများနှင့် ပတ်သက်ပြီး သိရှိရန် ခက်ခဲသွားကြောင်း ထိုလုပ်ငန်းများကို လေ့လာစောင့်ကြည့်သည့် ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှုအဖွဲ့ (CAfT) အဖွဲ့က ဆိုသည်။

၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ မတ်အထိ ၆ လတာ ကာလအတွင်း မန္တလေးတိုင်းတွင် ရွှေထုတ်လုပ်မှု ၁၁၄၈ ဒသမ ၁၁ ထရိုင်အောင်စ ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို ကိုးကား၍ CAfT အဖွဲ့က ပြောသည်။

မန္တလေးတိုင်းသည် အခြားပြည်နယ်နှင့် တိုင်းများမှ ရွှေထုတ်လုပ်မှုစုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းရှိပြီး ထိုအချက်မှာ ဦးပိုင်ကုမ္ပဏီ၏ ရွှေထုတ်လုပ်မှုကြောင့် ဖြစ်သည်ဟု ထိုအရပ်ဘက်အဖွဲ့က ဆိုသည်။

သပိတ်ကျင်းမြို့နယ်သည် မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အရှေ့ဘက်တွင် မိုးကုတ်၊ မဘိမ်းနှင့် မိုးမိတ် စသည့် မြို့နယ်များနှင့် ထိစပ်နေပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ဒေသဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်တုံ့ပြန်အပြီး လက်နက်ကိုင်တော်လှန်ရေး နေရာအများအပြားတွင် ပေါ်ပေါက်လာရာ စစ်ကောင်စီ၏ လက်နက်ကိုင်များသည် ဒေသအသီးသီးတွင် ဖြန့်ထားရသဖြင့် နယ်မြေစိုးမိုးမှု မရနိုင်သေးသည့် ဒေသများစွာ ရှိနေသည်။

ထိုနယ်မြေမျိုးတွင် တော်လှန်ရေးအဖွဲ့များက အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း စိုးမိုးထားလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button