မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်တွင် လူလေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် ပျူစောထီးအဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် ထိုရွာရှိ စစ်တပ်သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် ပျူစောထီးအဖွဲ့ လေးရွာဆုံသို့ ရောက်လာခြင်းဖြစ်ကာ ရွာခံ လေးဦးကို ဖမ်းခေါ်သွားပြီး နောက်တစ်ရက် (မတ် ၁) နံနက်တွင် ထိုသူတို့၏ ရုပ်အလောင်းကို ရွာအနီး ရေသွင်းမြောင်းနားတွင် စွန့်ပစ်ထားခဲ့ကြောင်း၊ အလောင်းများတွင် သေနတ်ဒဏ်ရာများ တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“လေးရွာဆုံ ရွာဘေးမှာ စိုက်ကွင်းတွေကို ရေပေးတဲ့ ဆည်မြောင်းဘောင်ရှိတယ်။ အဲ့ဒီဘောင်ဘေးမှာ ဟိုနားတစ်ယောက် ဒီနားတစ်ယောက်နဲ့ အလောင်းတွေကို ချထားခဲ့တာပေါ့လေ။ သတ်ပြီးတော့ ထားခဲ့တာ” ဟု တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသားက ပြောသည်။
သေဆုံးသူတို့မှာ ကိုစိုးသူအောင်၊ ကိုဖိုးအေး၊ ကိုမောင်မောင်နှင့် မခင်ယုမွန်တို့ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ထောက်ခံအားပေးသူများဖြစ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးထံမှ သိရသည်။ ဒဏ်ရာအခြေအနေအသေးစိတ်ကို သီးခြားအတည်မပြုနိုင်သလို သေဆုံးသူတို့၏ မိသားစုထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။
လေးရွာဆုံရွာသည် မြင်းခြံမြို့အရှေ့ဘက် ၇ မိုင်ခန့်အကွာ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့အကြားတွင် တည်ရှိသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း မြန်မာနိုင်ငံအလယ်ဗဟိုပိုင်းရှိ မန္တလေးတိုင်းရှိ မြို့နယ်များတွင် စစ်ကိုင်းနှင့် မကွေးကဲ့သို့ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူအချို့ သတ်ဖြတ်ခံနေရသည်။
စစ်ကောင်စီက ၎င်းတို့၏ ဘက်တော်သားများ သတ်ဖြတ်ခံရပါက ဒေသတွင်းရှိ NLD ပါတီထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ် လက်တုံ့ပြန်လေ့ရှိကြောင်း ဒေသခံတို့က ဆိုသည်။
Myanmar Now က ရေးသားခဲ့ဖူးသည့် သတင်းများအရ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ၏ လက်ချက်ကြောင့် မြင်းခြံနှင့် အရှေ့ဘက်ကပ်လျက်ရှိ နွားထိုးကြီးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ လေးလအတွင်း ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
မြင်းခြံခရိုင်အတွင်းရှိ ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသူမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြင်းခြံမြို့နယ် ပါတီအတွင်းရေးမှူး အသက် ၄၀ အရွယ် ဒေါ်သီတာယုမွန် ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုကြသည်။ ဒေါ်သီတာယုမွန်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)