
စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ ရေဦးမြို့နှင့် သုံးမိုင်ခန့်အကွာ မူးမြစ်အရှေ့ဘက်ကမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်က တိုက်ပွဲဖြစ်စဉ် ဒေသကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံးသွားသည်။
စစ်တပ်က စစ်သုံးထရပ်ကားများဖြင့် ဖြတ်သန်းသွားလာခြင်း မပြုမီ အင်အား ၁၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ခင်ဦး-ရေဦး လမ်းပေါ်ရှိ မကြီးအုပ်ကျေးရွာတွင် တော်လှန်ရေးအဖွဲ့များဘက်မှ ကင်းထောက်အဖွဲ့တို့ တိုက်ပွဲဖြစ်သည်။
မကြီးအုပ်ရွာတောင်ဘက် တစ်မိုင်ကျော်အကွာ မြင်းဒေါင်းရွာတွင် တပ်စွဲထားသည့် စစ်တပ်မှ စစ်ကြောင်းတစ်ခု လှည့်ကင်းထွက်လာရာ တော်လှန်ရေးအဖွဲ့နှင့် ထိပ်တိုက်တိုးခဲ့ပြီး ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပိတ်မိသွားတော့ အပြန်အလှန်ပစ်ကြပြီး ပြန်ထွက်မလာနိုင်တော့တာပေါ့”။
တော်လှန်ရေးအဖွဲ့ဘက်မှ အသက် ၄၀ အရွယ် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်နှင့် အသက် ၃၀ အရွယ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ လုံခြုံရေးအခြေအနေအရ အသေးစိတ်မပြောနိုင်ဟု အထက်ပါ ပကဖတာဝန်ရှိသူက ဆိုသည်။
တော်လှန်ရေးသမားနှစ်ဦး၏ အလောင်းကို နေ့တွင်းချင်း ကောက်ယူနိုင်ခဲ့ပြီး မီးသင်္ဂြိုဟ်နေစဉ် မူးမြစ်အနောက်ဘက်ကမ်း သုံးမိုင်အကွာရှိ ရေဦးမြို့ပေါ်မှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်အတွင်း နွားတစ်ကောင် သေဆုံးသွားကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင် (LPDF) တစ်ဦးထံမှ သိရသည်။
“ရေဦးကနေ လက်နက်ကြီးနဲ့ ထုတာ၊ နှစ်လုံးကွဲပြီး တစ်လုံးကတော့ မကွဲသွားဘူး” ဟု အဆိုပါ LPDF က ပြောသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ရရာလက်နက် ကိုင်စွဲ၍ ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း ခင်ဦး-ရေဦး လမ်းပိုင်းတွင် စစ်ယာဉ်တန်းများကို တော်လှန်ရေးအဖွဲ့တို့က မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေသည်။
ထိုလမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်က ဖြတ်သန်းသွားသည့် ရိက္ခာတင် စစ်သုံးထရပ်ကား သုံးစီးကို တော်လှန်ရေးအဖွဲ့က တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ထိုယာဉ်တန်းမှာ ရေဦးမြို့သို့ ပြန်ရောက်သွားကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အတူ ရေဦး-ခင်ဦး လမ်းပိုင်းတွင် စစ်ကောင်စီ ခြေလျင်တပ်က လေးနေရာထက်မနည်းတွင် တပ်စွဲထားဆဲဖြစ်ကာ ရေဦးမြို့နှင့် ကပ်လျက်ရှိသည့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေကြောင်း၊ ဒေသခံများ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီတစ်လတည်း၌ပင် ရွာ ၇ ရွာမှ အိမ်ခြေ ၆၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဒေသခံ ၃ ဦး သေဆုံး၊ ၁၄ ဦး ဖမ်းခံခဲ့ရကြောင်း ခင်ဦးမြို့နယ်ပကဖအဖွဲ့မှတ်တမ်းများအရ သိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)