သတင်း

ရွှေကျင်မြို့ ကျေးရွာတချို့ လက်နက်ကြီးထိ၊ ၅ ဦးသေဆုံး

ပဲခူးတိုင်းအရှေ့ပိုင်း ရွှေကျင်မြို့နယ် ကျေးရွာများထဲသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသဖြင့် သေဆုံးသူ ၅ ဦး ရှိကြောင်း ဒေသခံများက ယနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ပြောသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် ညောင်ပင်ကြီးရွာသစ်မှ အသက် ၇၀ ခန့်အရွယ် ဒေါ်တူးမှာ နေအိမ်ပေါ် လက်နက်ကြီးကျသဖြင့် နေအိမ်နှင့်အတူ မီးလောင်သွားပြီး ရုပ်အလောင်းပြန်မရခဲ့ကြောင်း၊ အသက် ၃၄ နှစ်အရွယ် မသူဇာနွယ် (ခေါ်) မိဂတုံးမှာလည်း ဒေါ်တူးနေအိမ်ရှိ ဈေးဆိုင်တွင် ဈေးလာဝယ်စဉ် လက်နက်ကြီးထိမှန် သေဆုံးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာခံတစ်ဦးက ပြောသည်။

ဒေါ်တူးနေအိမ်ရှိ မိသားစုဝင်တစ်ဦး၊ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ပဲနုတ်နေသည့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရသွားသဖြင့် ၎င်းတို့ကို ပဲခူးဆေးရုံတင်ပို့ထားကြောင်း သိရသည်။

စစ်ကောင်စီက ပစ်ခတ်ရသည့် အကြောင်းရင်း၊ ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အထက်ပါ နယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေနှင့် ထိစပ်နေသည်။ KNU နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပဲခူးတိုင်းစစ်ဒေသခွဲတို့ကလည်း ထိုနယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပါ။

ဖေဖော်ဝါရီ ၂၁ တွင် မြို့အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ စစ်တောင်းမြစ်ကမ်းအရှေ့ဘက် ထောင်လောင်ကျေးရွာ ပစ်ခတ်ခံရမှုတွင် သေဆုံးသူတို့မှာ အသက် ၂၀ မှ ၄၀ ကြား အရွယ်များဖြစ်သည့် ကိုဇော်ဦး (ခေါ်) ဇော်မင်းဦး၊ မဖွေးဖွေး၊ ကိုမင်းကိုတို့ မိသားစုဝင်သုံးဦး ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၂၀ ဝန်းကျင်အရွယ် အထက်ပါအမျိုးသားက ပြောသည်။

အဆိုပါ သုံးဦးနှင့် ပတ်သက်၍ သတင်းအသေးစိတ် မရသေးဘဲ ဆေးရုံတွင် သေဆုံးသွားကြသည်ဟုသာ သိရသည်။

ညောင်လေးပင်မြို့နယ်ရှိ ပုစွန်မြောင်းရွာ၊ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်အပါအဝင် စစ်တောင်းမြစ် အရှေ့အနောက်တစ်ကြောရှိ မီးလောင်ကုန်း၊ ကွင်းဒလကြီး၊ ကွင်းဒလလေး၊ အင်းဝိုင်း၊ ညောင်ပင်ကြီးရွာမ၊ သိုက်တူးကုန်း၊ သက်ကယ်ကုန်း၊ ပျဉ်ရေ၊ ဝိုင်ကျွန်း စသည့် ကျေးရွာများမှ ဒေသခံအများစုမှာ ဇန်နဝါရီလကုန်ပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

“လယ်ကိုင်းတွေဘာတွေ မပြီးကျသေးတော့လေ တချို့ ပြီးသွားတဲ့သူတွေကတော့ ထွက်သွားကြတယ်။ မြေပဲတွေဘာတွေ နုတ်ဖို့ သိမ်းဖို့ ကျန်တဲ့သူတွေကျတော့ ဒီမှာပဲ ရှောင်နေရင်း ပုန်းနေရင်းနဲ့ နေနေကြတာ” ဟု အထက်ပါ ညောင်ပင်ကြီးရွာသစ် ဒေသခံက ပြောသည်။

ညောင်ပင်ကြီးရွာသစ် အနောက်ဘက် သုံးမိုင်ခန့်အကွာ ပုစွန်မြောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လွန်ခဲ့သည့် လေးရက်ခန့်က ညောင်ပင်ကြီးရွာသစ်ဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးစားသဖြင့် လမ်းခုလတ်တွင် တိုက်ခိုက်ခံရကြောင်း ၎င်းက ဆိုသည်။

“သူတို့ (စစ်တပ်) ကို ဒရုန်းနဲ့ ကြဲတာဖြစ်ဖြစ်၊ စနိုက်ပါနဲ့ သွားပစ်တာဖြစ်ဖြစ် လုပ်တဲ့အခါ သူတို့ ထိခိုက်ကျဆုံးမှုများလာတဲ့အခါ ရွာပတ်ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ အကြောင်းမဲ့သက်သက် ရွာထဲကို စက်လက်တွေနဲ့ပစ်တယ်” ဟု ၎င်းက ပြောသည်။

ပုစွန်မြောင်းရွာရှိ နေအိမ်များတွင် တပ်စွဲထားသည့် ခမရ ၂၀ စစ်တပ်ကို ကာကွယ်ရေးတပ်များက မကြာခဏ ဒရုန်းဖြင့် ဗုံးကြဲလေ့ရှိပြီး ညောင်လေးပင်-မဒေါက် လမ်းမကြီးတွင်လည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

“ဒီရက်ပိုင်းမှာ အခေါက်ပေါင်း မနည်းတော့ဘူး၊ ခြားသွားလည်း တစ်ရက် နှစ်ရက်ပဲ ခြားတယ်။ သူတို့ အထိနာနေတာ” ဟု ၎င်းက ပြောသည်။

ယခုလအတွင်း စစ်ကောင်စီဘက်က ၂၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးအင်အားစုဘက်က တစ်ဦး သေဆုံးသည်ဟု သတင်းကြားရကြောင်း အထက်ပါဒေသခံက ပြောသည်။

ပုစွန်မြောင်းကျေးရွာခံတစ်ဦး၏ ပြောပြချက်အရ ရွာတွင် လူ ၄၀ ခန့်သာ ရှိတော့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်၏ နေအိမ်ပါမချန် စစ်ကောင်စီတပ်က ဝင်ရောက်ခိုးယူနေကြောင်း သိရသည်။  

“ရွာထဲမှာ လူမရှိတဲ့အခါကျတော့ သူတို့အကြိုက် ပွဲတော်တည်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့။ ရွာထဲမှာ ပစ္စည်းပျောက်တာတွေတော့ အကြီးအကျယ်ပဲ။ အိမ်အဖွင့်ခံရတာတွေ၊ ဈေးဆိုင်အဖွင့်ခံရတာတွေ အဲဒါတွေကတော့ ရေတွက်လို့တောင် မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

ရွာထဲ အိမ်စောင့်ကျန်ရစ်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်က စောင့်ကြည့်စစ်ဆေးလေ့ရှိကြောင်း ၎င်းကပြောသည်။

“တစ်ရွာလုံး ပြေးနေပြီ၊ ဘာလို့မပြေးတာလဲ၊ PDF ကို သတင်းပေးဖို့လား ဆိုပြီးတော့ အဲဒီလူတွေကို ဖိအားပေးတယ်။ ဖုန်းတွေရှိရင် ဖုန်းတွေ လုံးဝသိမ်းတယ်” ဟု အထက်ပါရွာခံက ဆိုသည်။

ပုစွန်မြောင်းရွာတွင် တပ်စွဲထားသည့် တပ်က ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ပဲခူးတိုင်းအရှေ့ခြမ်း ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ညောင်ပင်ကြီးရွာမှ ဒေသခံ ၃ ဦး ဒဏ်ရာရသလို ဒေသခံအများအပြား ထွက်ပြေးနေရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း စစ်တပ်က ရွာအတွင်း စစ်ကားနှစ်စီး၊ လူအင်အား ၄၀ ခန့် ထပ်မံ ဖြည့်တင်းထားသည်၊ ၂၁ ရက်နေ့တွင်လည်း ရွာအနီး စစ်ကားတစ်စီးရောက်လာပြီး အခြားရွာဘက် ခရီးဆက်သွားသည်ဟု ၎င်းက ဆိုသည်။

ညောင်လေးပင်နှင့် ရွှေကျင်နယ်စပ်ရှိ အဆိုပါရွာခံများမှာ ရန်ကုန်၊ ပဲခူးမြို့ကြီးများနှင့် ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ရွှေကျင်မြို့ပေါ်များဘက် နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံတွင် စစ်ဘေးရှောင်နေကြရကြောင်း ၎င်းက ပြောသည်။

စစ်တပ်က ရွာကို ပစ်ခတ်သည်၊ ပစ္စည်းများ ခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button